မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရေသောက်ခွင့်အထိ ကန့်သတ်ခံနေရ

ဖိနှိပ်မှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံထားရပြီး ဒဏ်ရာအပြင်းအထန်ရထားသူတွေရှိနေဟုဆို။

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ကန့်သတ်တာတွေ ပြင်းထန်နေပြီး ရေသောက်ခွင့်အထိ ကန့်သတ်ခံထားရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတဲ့ မကွေးအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေရဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းယူတာ၊ သောက်သုံးရေ ကန့်သတ်တာနဲ့ ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်အောင်က ပြောပါတယ်။

“အခုထောင်ထဲမှာ အခြေအနေတွေက တော်တော်ဆိုးနေပါတယ်။ အကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူထားသလို ရေသောက်ခွင့်တွေကိုလည်း ကန့်သတ်ထားပါတယ်။ ပုံစံခဏခဏထိုင်ခိုင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိနေပါတယ်”

အဲဒီလို ဖိနှိပ်တာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးဟာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ခံထားရတဲ့အပြင် တိုက်ပိတ်အရေးယူခံထားရတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၁၂ ဦးဟာ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းခံထားရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် မကွေးတိုင်း တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်လို့ မရသေးပါဘူး။

အဲဒီထောင်မှာ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုလည်း ထိန်းသိမ်းခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောဆိုချက်အရ မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ညှဉ်းပန်းလေ့ရှိပြီး နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ထောင်ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၃၁ ရက်နေ့က အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ငါးနှစ်ကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ သုံးသောင်းကျော်(၃၁,၁၆၂ ဦး) အဖမ်းခံထားရပြီး အဲဒီအထဲက ၁၄,၃၀၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်အထိ စာရင်းမှာ တွေ့ရပါတယ်။