ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကော်မတီ လုပ်ငန်းစတင်


2019.04.09
rakhine-stability-committee-622.jpg ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ၂၀၁၉ ဧပြီ ၉ ရက်နေ့က ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်
ဓါတ်ပုံ - အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဟာ ရန်ကုန်မြို့အခြေစိုက် ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပြီး ပြည်နယ်တည်ငြိမ်ရေးအတွက် အကြံဉာဏ်တွေ တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာတွေ့ဆုံကြတာလို့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင် က ပြောပါတယ်။

ကော်မတီဖွဲ့ပြီးရက်ပေါင်း ၂၆ ရက်ကျော်ကြာတဲ့အချိန်မှာ မနေ့က နေပြည်တော်မှာ ကော်မတီရဲ့ပထမဆုံးအကြိမ် အစည်းအဝေးအဖြစ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းကတည်းက အစိုးရတပ်မတော်နဲ့ AA ရခိုင့်တပ်မတော် တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကွင်းဆင်းဆောင်ရွက်ဖို့ မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဖွ့ဲစည်းတာဝန်ပေးထားတာဖြစ်ပါတယ်။

နယ်ပယ်အသီးသီးမှာ လှုပ်ရှားနေကြတဲ့ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့ စတင်တွေ့ဆုံသွားမယ်လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

‘’ရခိုင်သဟာရအသင်း၊ ရခိုင်အသင်းချုပ်၊ ရခိုင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)၊ ရခိုင်အမျိုးသမီး အသင်း(ရန်ုကုန်)၊ ANP ပါတီ၊ ALD ပါတီ တော်တော်စုံစုံလာကြပါတယ်၊ ရခိုင်ဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တည်ငြိမ်အေးချမ်းဖို့ ဒုက္ခသည်တွေ ကူညီပေးဖို့ အကြံဉာဏ်တွေပေးကြပါတယ်၊ မနက်ဖြန်လည်း စစ်တွေက လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဖို့ ချိန်းထားပါတယ်၊ ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ သွားရောက်ပြီးတော့ ကယ်ဆယ်ရေးလုပ်ဖို့ စီစဉ်ထားပါတယ်၊ မကြာခင်မှာ မိုးကျတော့မှာဖြစ်ပါတယ်၊ အစိုးရက ဘယ်လောက်ပဲ ကယ်ဆယ်ရေးလုပ်လုပ် လက်ကြားမစေ့နိုင်ဘူးလေ၊ ရခိုင်ဒေသမှာ တိုက်ပွဲရှောင်တွေ အဆင်ပြေဖို့ အရေးကြီးပါတယ် ’’

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီကို မတ်လ ၁၄ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အမိန့်နဲ့ စတင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ရက်ပေါင်း ၂၆ ရက်ကျော်ကြာတဲ့အချိန်ရောက်မှသာ ကော်မတီ အသက်ဝင်လာတာလို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။

ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် က အခုလိုပြောပါတယ်။

‘’ဦးအေးသာအောင် ဦးဖေမြင့်တို့က ရခိုင်အမျိုးသားတွေဖြစ်ကြပါတယ်၊ ရခိုင်အမျိုးသားဖြစ်ပေမယ့် ဒီပြဿနာရဲ့ အဓိကအချက်ဖြစ်တဲ့ ဒီတိုက်ပွဲတွေကိစ္စနဲ့ ဒီကော်မတီအနေနဲ့ ဘယ်လိုကိုင်တွယ်ပြီး ရပ်တန့်အောင် ဒီဒုက္ခတွေ ကင်းငြိမ်းသွားအောင် အပြစ်မဲ့ပြည်သူတွေ ဒုက္ခမရောက်အောင် ဘယ်လိုလုပ်နိုင်မှာလဲဆိုတဲ့ အဓိကအဖြေပဲ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်၊ ပြောကြဆိုကြတဲ့ နိုင်ငံတော်ရဲ့မူဝါဒက ဘယ်လိုရှိပါတယ်၊ ဒီပြဿနာရဲ့ အဓိကဖြေရှင်းချက်ဖြစ်တဲ့ ဒီစစ်ပွဲတွေရပ်အောင်မလုပ်နိုင်ရင် ဘာမှအဓိပ္ပါယ်မရှိဘူး၊ ’’

ကော်မတီအဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ တို့ဟာ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ကော်မတီ အစည်းအဝေးကို တက်ရောက်တာ မရှိခဲ့ကြပါဘူး။

ကော်မတီထဲမှာ ဆက်လက်ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ပြန်လည်သုံးသပ်နေတယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။

‘’အစိုးရရဲ့မူဝါဒတွေကို ပြည်သူကိုရှင်းပြရမယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး၊ အစိုးရကို ထိန်းညှိရမယ့်တာဝန်ဖြစ်ပါတယ်၊ ဒီတာဝန်မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် ရဲ့ တာဝန်မဟုတ်ဘဲနဲ့ ဒီအစိုးရရဲ့မူဝါဒတွေရှင်းပြရမယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ဖြစ်နိုင်တဲ့ မစ်ရှင်မဟုတ်ပါဘူး၊ ဒီလိုမျိုးမူတွေကို ညှိနှိုင်းလို့မရဘူးဆိုရင် စဉ်းစားရပါမယ်၊ ရခိုင်ပြည်သူ အကျိုးမရှိတဲ့အလုပ်ကို မလုပ်ချင်ပါဘူးရှင့် ’’

လက်ရှိရခိုင်ပြည်နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေဟာ နေ့စဉ်ဆိုသလိုဖြစ်ပွားနေပြီး လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ စလုံးကလည်း စစ်ရေးတင်းမာတဲ့အနေအထားမှာရှိနေပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ မြောက်ဦးစစ်တမ်းပြုစုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးမောင် မောင်စိုး က အခုလို သုံးသပ်ပါတယ်။

‘’ဒီကော်မတီ စ ဖွဲ့တာကတော့ အစတော့မကောင်းဘူးဗျ၊ ဒီကော်မတီက ဘယ်လောက်ထိလုပ်ပိုင်ခွင့် ပေးထား သလဲဆိုတာ ဘယ်လောက်ဖြေရှင်းနိုင်မလဲဆိုတာ ပြောရခက်ပါတယ်၊ ရခိုင်လူထုကို ရခိုင်ကိုယ်စားပြု လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ်ဆိုပေမယ့် သေချာဆွေးနွေးမထားရင် အောင်မြင်မှုနည်းပါလိမ့်မယ်၊ ရခိုင်နဲ့ ပတ်သက်လို့ ကော်မတီတွေ ကော်မရှင်တွေဖွဲ့တာ အခုက ၁၄ ခုမြောက်လားမသိဘူး ကောမတီတစ်ခုပြီး တစ်ခုဖွဲ့ရုံနဲ့ ပြဿနာမဖြေရှင်းနိုင်ပါဘူး၊ အဓိကဇစ်မြစ်ကိုရှာပြီးတော့မှ ကော်မတီဖွဲ့ဖို့ လိုတာရယ် အဲဒီကော်မတီက ဘာတွေလုပ်ပိုင်ခွင့်ရှိသလဲဆိုတာ အတိအကျဆုံးဖြတ်နိုင်မှ ကော်မတီတစ်ရပ်က အလုပ်လုပ်လို့ရမှာ’’

ကော်မတီဟာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို သမ္မတရုံးထံ လစဉ်ပုံမှန်တင်ပြရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရသိရပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၂ သောင်း ၇ ထောင်ကျော်နေပြီလို့ ရခိုင်ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်နက်ကိုင်တိုက်ပွဲတွေကို အရင်ဆုံးမလျော့ချနိုင်သေးရင်တော့ အခုလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီရဲ့ လုပ်ဆောင်မှုတွေဟာ အားရစရာမကောင်း ဘူးလို့ ဝေဖန်ထောက်ပြကြပါတယ်။

ကော်မတီဟာ မနက်ဖြန် ဧပြီလ ၁၀ ရက်နေ့မှာလည်း စစ်တွေမြို့မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ထပ်မံတွေ့ဆုံသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။