မောင်တောမှာ အကြမ်းဖက်အဖွဲ့ သတင်းရတယ်လို့ တပ်မတော်ပြော

ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ မောင်တောဒေသတစ်ဝိုက်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက လူသစ်စုဆောင်းတာနဲ့ သင်တန်းပေးနေတဲ့ သတင်းတွေရထားတယ်ဆိုပြီး တပ်မတော်ဘက်က ပြောတယ်လို့ မနေ့က တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖဲ့ွဝင် ဦးအေးလွင် ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတစ်ဝိုက်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက လူသစ်စုဆောင်း တာနဲ့ သင်တန်းပေးနေတဲ့ သတင်းတွေရထားတယ်ဆိုပြီး တပ်မတော်ဘက်က ပြောတယ်လို့ မနေ့က တပ်မတော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

မနေ့က နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံရာမှာ တပ်မတော်ဘက်က ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဲဒီလို ပြောကြားခဲ့တာဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်။

"ဒီသူပုန်ထမှုကတော့ဖြစ်ရင် အလားအလာရှိနေသေးတယ်၊ တဖက်က သူတို့ရရှိထားတဲ့သတင်း အချက်အလက်တွေအရပေါ့နော်၊ သင်တန်းပေးတာတို့ ဘာတို့ လူတွေအဝင်အထွက် စည်းရုံးတာတို့ ဘာတို့တွေက ရှိနေသေးတယ်ပေါ့၊ အဲတော့ အမြဲသတိထားပြီးတော့ကာ ဒါကိုမဖြစ်ရလေအောင် အပြည့်အဝ တာဝန်ယူထားမယ်ဆိုတာ ပြောပြပါတယ်"

အဲဒီဒေသတည်ငြိမ်ရေးအတွက် လက်ရှိမှာ ပြည်ထဲရေးက တာဝန်ယူထားပေမယ့် တပ်မတော်အနေနဲ့လည်း တပ်စွဲထားတုန်းဖြစ်တယ်လို့လည်း ပြောပါတယ်။

ရခိုင် အကြံပေး ကော်မရှင်အဖွဲ့ဟာ တပ်မတော်အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကော်မတီ က ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း မနေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အတွင်း နိုင်ငံသားစိစစ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြ တယ်လို့ ပြောပါတယ်။

ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လမှာ အပြီးသတ် အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းက ကြားဖြတ်အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး အဲဒီ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးဖို့နဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဖို့ စတာတွေပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org