ရခိုင် ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါဖြစ်ပွား


2016.05.13
rakhine-refugees-620.jpg ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် မေလ ၅ ရက်နေ့က ကျောက်တော်မြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာ သူတွေကို တွေ့ရစဉ်
.

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာနဲ့ အထက်သင်ပုန်းတန်းကျေးရွာတွေရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး ဖာကြွယ်စစ်ဘေးဒုက္ခသည်စခန်းက မိန်းကလေးငယ်တစ်ဦး မနေ့က သေဆုံးသွားတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒုက္ခသည်စခန်းအနီး ခွေးသေကျေးရွာက အမျိုးသားတစ်ဦးဟာလည်း ဝမ်းရောဂါကြောင့်ပဲ မနေ့က ထပ်မံသေဆုံး သွားတယ်လို့ အထက်သင်ပုန်းတန်း စစ်ဘေးဒုက္ခသည်စခန်းကော်မတီဝင် ဦးမောင်ခင်သိန်းက ပြောပါတယ်။

"ဒီစစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာသေဆုံးတာက အမျိုးသမီး ၁ ယောက်ပါ၊ နောက်ပြီးတော့ စစ်ဘေးရှောင် ဒုက္ခသည်အနီးပတ်ဝန်းကျင်ရွာ ခွေးသေကျေးရွာမှာသေဆုံးတာက ယောက်ကျား ၁ ယောက်ပါခင်ဗျ၊ ကျနော်တို့ အထက်သင်ပုန်းတန်း ကျေးရွာအတွင်းမှာဆိုလို့ရှိရင် ကျန်းမာရေးဝန်ထမ်း ၁ ယောက်လောက် ချပေးစေချင်ပါတယ်၊ အမြန်ဆုံးနည်းနဲ့"

အဲ့ဒီ စစ်ဘေးဒုက္ခသည်စခန်းနှစ်ခုထဲ နောက်ထပ်ဝမ်းရောဂါတွေ ဖြစ်ပွားနေသူတွေထဲမှာ လူကြီးအချို့နဲ့ ၅ နှစ်အောက် ကလေးငယ်တွေ အများဆုံးဖြစ်တယ်လို့လည်း ဦးမောင်ခင်သိန်းက ပြောပါတယ်။

အခုလက်ရှိမှာ ပိုးရွှီပြင်ကျေးရွာအုပ်စုက ကျန်းမာရေးဝန်ထမ်းအချို့က လာရောက်ဆေးကုသ ပေးနေတယ်လို့ ပြော ပါတယ်။

အဲ့ဒီစစ်ဘေးဒုက္ခသည်စခန်းတွေမှာ သောက်သုံးရေ အခက်အခဲရှိတာကြောင့် တောင်ကျရေတွေကို သောက်သုံးရာ ကနေ အခုလို ဝမ်းရောဂါတွေဖြစ်ပွားနေတာဖြစ်သလို လူအတော်များများ အရေပြား ယားယံတာတွေဖြစ်နေတယ် လို့လည်း ရွာခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ဖားကြွယ်ကျေးရွာမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၁၆ဝ ကျော်ရှိပြီး အထက်သင်ပုန်းတန်း ကျေးရွာ မှာတော့ လူဦးရေ ၂ဝဝ ကျော်ရှိနေတာဖြစ်ပါတယ်။

သူတို့တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က အစိုးရတပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။