ရန်ကုန်ရောက် ရခိုင်ရွှေ့ပြောင်းအလုပ်သမားတွေ ထောင်နဲ့ချီ နေရပ်ပြန်

ကျော်အောင်လွင်(ဝါရှင်တန် ဒီစီ)
2021-03-09
Share

ရန်ကုန်မြို့မှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား နှစ်ထောင်ဝန်းကျင်ခန့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေရပ်ကို ပြန်သွားကြတယ်လို့ အကူအညီပေးနေတဲ့ ရန်ကုန်မြို့က ရခိုင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

နေရပ်ပြန်သူတွေဟာ အထည်ချုပ်စက်ရုံတွေနဲ့ အခြားလုပ်ငန်းအသီးသီးမှာ ဝင်ရောက် လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။

နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ရန်ကုန်မြို့အခြေစိုက် ရခိုင်အရပ်ဘက် လူမှုအဖွဲ့များကိုယ်စားပြုသူ ဦးအေးမောင်က ပြီးခဲ့တဲ့ မတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ နေရပ်အသီးသီးကို ပြန်သွားကြတာလို့ RFA ကိုပြောပါတယ်။

“လူ ၂၀၀၀ကျော်လောက် ရှိတဲ့အထဲမှာ မတ်လ ၆ ရက်နေ့က ကျောက်ဖြူဘက်ကို ပို့ရတယ်။နောက်တစ်ခါ မတ်လ ၇ ရက်နေ့မှာတော့ ကျွန်တော်တို့စီစဉ်ပေးတဲ့ ကား ၁၅စီးနဲ့ အချို့ကားဂိတ်တွေက စီစဉ်ပေးတဲ့ ကားတွေပါ စုစုပေါင်း ၂၅ စီးလောက် ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်ကို ပြန်ဆင်းသွားကြတယ်။ ကျွန်တော်တို့ လူ ၂၀၀၀ ကျော်လောက် ပို့တဲ့အထဲမှာ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းလောက်က အလုပ်သမား တွေပါပဲ။ တချို့ကားတွေမှာ ဆိုလို့ရှိရင် ယောက်ျားလေး မပါသလောက်ပဲ။ အသက် ၃၀ အောက်၊ ၁၈ နှစ်နဲ့ ၃၀ ကြား မိန်းကလေးတွေချည်းပဲ ကားစီးလုံးပါသွားကြတာလည်း တွေ့ရတယ်။ အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့သူတွေပေါ့။ တချို့ဆို သူတို့ရဲ့ကိုယ်ပိုင် အပ်ချုပ်စက်လေးတွေ၊ အိုးခွက်ပန်းကန်တွေကိုပါ အကုန်လုံး သယ်ပြီးတော့ အပြီးပြန်ပြောင်းကြတဲ့ သဘော ဖြစ်နေတယ်”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်ရဲ့အာဏာတွေကို တပ်မတော်က သိမ်းယူလိုက်တာကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့မြို့ကြီးတွေမှာ ပေါ်ပေါက်နေတာပါ။

ရန်ကုန်မြို့မှာ ဘဏ်တွေပိတ်ထားတာ၊ စက်ရုံအလုပ်ရုံအချို့ ပိတ်ထားတာအပြင် ဖွင့်တဲ့အချို့စက်ရုံတွေက အလုပ်သမားတွေဟာလည်း လုပ်ခလစာ မရသေးတာကြောင့် သူတို့ရဲ့ ရပ်တည်ရေးအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာစေတယ်လို့ အထည်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးအချို့က ပြောပါတယ်။

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ခုမှာ အချိန် နှစ်နှစ်နီးပါးကြာ လုပ်ကိုင်ခဲ့ပြီး မနေ့က နေရပ်ကို ပြန်ရောက်လာတဲ့ မင်းပြားမြို့နယ်က မကေသီခိုင်ကတော့ ရန်ကုန်မြို့ ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် နေရပ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

“ပိုက်ဆံက မထုတ်ပေးဘူး။ ဘဏ်တွေလည်း အကုန်ပိတ်ထားတယ်။ အဲဒါကြောင့် သမီးတို့က ပိုက်ဆံ ထုတ်လို့မရဘူး။ လလည်း ကုန်သွားပြီ ပိုက်ဆံကလည်း ထုတ်မပေးဘူးဆိုတော့ အဆောင်ဖိုးတွေ ဘာတွေ မပေးနိုင်ဘူး သမီးတို့က။ အဲဲဒါကြောင့်မို့လို့ ပြန်လာရတာ။ သမီးတို့က ပြန်လာဖို့ လုံးဝ စိတ်ကူး မရှိသေးဘူး။ အဲမှာဆန္ဒပြတာမှာ လူတွေသေဆုံးကြတယ်။ အဲဒါတွေကို ကြောက်ရတယ်။ ပြီးရင် ဆန္ဒပြဖို့ ခေါ်ကြတယ်။ အဲဒါတွေကို ကြောက်လို့ပြန်လာတာ။ သမီးနဲ့ အတူတူနေခဲ့တဲ့ သမီးသူငယ်ချင်းတွေလည်း အကုန်လုံး အဆင်မပြေကြဘူး။ ဆန္ဒပြတဲ့ အခြေအနေကြောင့် ပြန်လာတဲ့ လူတွေချည်းပဲ”

အခြေအနေ မငြိမ်သက်မှုတွေက ဆက်ရှိနေဦးမယ်လို့ ယူဆရတာကြောင့် ရန်ကုန်မြို့ကို ပြန်သွားမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

ရန်ကုန်မြို့ရောက် ရွှေ့ပြောင်း ရခိုင်အလုပ်သမားတွေဟာ အခုလို နေရပ် ပြန်သွားကြသူတွေရှိသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွက် လုပ်ခလစာတွေ မရသေးလို့ ရန်ကုန်မြို့မှာပဲ ဖြစ်သလို ဆက်လက်နေထိုင်နေကြရတဲ့ သူတွေလည်းရှိပါတယ်။

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ မတင်ဦးနွယ်ကတော့ လုပ်ခလစာ မရသေးလို့ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ပြောပါတယ်။


“ပိုက်ဆံထုတ်လို့ရမှ ပြန်လို့ရမှာပါ။ ပိုက်ဆံမရှိတော့ ပြန်လို့မရသေးဘူး။ စားဝတ်နေရေး၊ သွားရေး လာရေးကအစ အခက်အခဲတွေ ဖြစ်နေတယ်။ ဘဏ်ကနေ ပိုက်ဆံထုတ်လို့မရလို့ အဲလိုမျိုး အခက်အခဲတွေ ဖြစ်နေတာ။ ဘာဖြစ်လို့ မရတာလဲဆိုတော့ သူတို့က ပိုက်ဆံကို ကဒ်ထဲ ထည့်မပေးထားတော့ ထုတ်လို့လည်း မရတာ”

နေရပ်ပြန်သူတွေကို အကူအညီပေးနေတဲ့ ရန်ကုန်မြို့က ကိုမင်းစောမင်းကတော့ နေရပ်ပြန်ဖို့ စာရင်းလာပေးသူတွေ နေ့စဉ်လိုလိုရှိနေပြီး ပြန်ပို့မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။


“နေရပ်ပြန်ဖို့အတွက် ကျွန်တော်တို့ဆီကို စာရင်းလာပေးသူတွေ အမြဲတမ်း ရှိနေပါတယ်။ ဒီနေ့အထိဆိုရင် နောက်ထပ် စာရင်းလာပေးသူတွေ ၃၀ ကျော်လောက်ရှိနေပြီ။ ကျွန်တော်တို့က ဘယ်နေ့ပြန်ပို့မယ် ဆိုတာကိုတော့ ရက်ကိုတော့ အတိအကျ မသိရသေးပါဘူးခင်ဗျ။ စာရင်းပေးတဲ့ လူတွေကတော့ ရှိနေဆဲပါ။ ဒီလကုန်လောက်ဆိုရင် ပိုများလာမယ်လို့ ထင်တယ်”

အခု ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်သူတွေ နေရပ်ကို ပြန်နေကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခု စစ်ကောင်စီက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထားတဲ့ ဦးဇော်အေးမောင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူဟာ ရန်ကုန်တိုင်းနဲ့မ ဆိုင်တော့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

“အဲဒါ အခုက ကျွန်တော်က ရန်ကုန်တိုင်းနဲ့ မဆိုင်တော့ဘူးလေ။ အဲတော့ ရန်ကုန်တိုင်းက သက်ဆိုင်ရာ တွေကိုပဲ မေးလိုက်ပါနော်”

ရခိုင်ပြည်နယ်မှာ စက်ရုံ၊ အလုပ်ရုံတွေ မရှိသလို အလုပ်အကိုင်တွေလည်း ရှားပါးတာကြောင့် ဒေသခံတွေဟာ ရန်ကုန်မြို့အပါအဝင် အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတွေအထိ သွားရောက်အလုပ်လုပ်ကိုင် နေကြရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့