ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ WY နဲ့ လက်နက်တွေ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၂ သန်း ၅ သိန်းခန့် (ကျပ် ၅ ဘီလီယံခန့်) အပါအဝင် လက်နက်ခဲယမ်းတွေ ဖမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်က သတင်းထုတ်ပြန်တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာ မြေပုံကို တွေ့ရစဉ် ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် တံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်မှာ WY စာတန်းပါတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ၅ သိန်းခန့် အပါအဝင် လက်နက်ခဲယမ်းတွေ ဖမ်းဆည်းရမိ ခဲ့တယ်လို့ တပ်မတော်က သြဂုတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

သတင်းအရ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေးတဲ့အခါမှာ ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ အိုင်ကွန် ၅၂ လုံး၊ မိုင်းပြုလုပ်ရာမှာသုံးတဲ့ ကွန်ကြူပိုက် ၂၃ ချောင်း၊ ဘောစေ့တွေရောထားတဲ့ ယမ်းထုပ် ၂ ထုပ်နဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းရမိပြီး၊ တရားခံနဲ့ မိသားစုဝင် ၅ ဦးကထွက်ပြေး တိမ်းရှောင် သွားတယ်လို့ ဖော်ပြထားပါတယ်။

AA အဖွဲ့အနေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခုလိုအသုံးချနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ရွာသားတွေ မရှိတော့တဲ့ နေရာမှာ အခုလို ပစ္စည်းတွေမိတယ်ဆိုပြီး ဖော်ပြတာဟာ ယုတ္တိမရှိသလို၊ ဒါဟာ သူတို့အဖွဲ့ကို နိုင်ငံတကာမှာရော ပြည်ပမှာပါ နိုင်ငံရေးအရသိက္ခာချဖို့ တပ်မတော်ဘက်က လုပ်ကြံ ဖန်တီးတာလို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org