RCSS နဲ့ NRPC တေ့ွဆုံပွဲ

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ ကျင်းပခွင့်ရဖို့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့က အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ဒီနေ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။

NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၁၉ မတ်လ ၁၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးစဉ် Photo: NRPC

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ ကျင်းပ ခွင့်ရဖို့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ဒီနေ့ တွေ့ဆုံရာမှာ တောင်းဆိုလိုက်ပါတယ်။

NRPC  ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ RCSS/SSA က  စစ်ဦးစီးချုပ် ဗိုလ်ချုပ် စဝ်ဘောင်ခေးတို့ နေပြည်တော်က NRPC မှာ ဒီနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးရာမှာ အဲဒီအချက်ကို ထည့်သွင်းဆွေးနွေးခဲ့တာလို့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက RFA ကို ပြောပါတယ်။

တဆက်တည်းမှာပဲ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို လာမယ့် မေလထဲမှာ ပြုလုပ်ဖို့ရှိတဲ့အတွက် ၂၁ ရာစုပင်လုံညီလာခံကိုလည်း အဲဒီအချိန် နောက်ပိုင်းမှသာ ကျင်းပဖို့ အလားအလာရှိနိုင်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ၂၁-ရာစုပင်လုံ စတုတ္ထ အစည်းအဝေး မကျင်းပနိုင်မီကာလမှာ နှစ်ဖက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပြီး မကြေလည်တာတွေကို အကြေအလည်ညှိနှိုင်းဆွေးနွေးပြီး တရားဝင် အစည်းအဝေးများ ပြန်စနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီနေ့ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

ရှမ်းအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမတိုင်မီ ကျင်းပခွင့်ရဖို့ RCSS အဖွဲ့က ဆွေးနွေး တင်ပြခဲ့တယ်လို့ ဒီနေ့တွေ့ဆုံရာမှာ ပါဝင်တဲ့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

"အဲဒီ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးလုပ်မယ်ဆိုရင် ကျနေ်ာတို့ ရှမ်းပြည်အတွက်က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်မှပဲ ရှမ်းလူထုရဲ့ အသံပါသွားမှာကို ဒါကြောင့် အဲဒီမတိုင်ခင် ဖြစ်အောင်တော့လုပ်မယ်ဆိုတဲ့ အနေအထားပါ"

RCSS အနေနဲ့တော့ NCA လက်မှတ်ထိုးထားတဲ အဖွဲ့ဖြစ်တဲ့အတွက် NCA လမ်းကြောင်းအတိုင်းသာ ဆက်သွားရမှာဖြစ်ပြီး ရှေ့ဆက်မရ အတားအဆီးဖြစ်နေတဲ့ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာဖွေ ဆွေးနွေးနေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

တဆက်တည်းမှာပဲ အကြောင်းအမျိုးမျိုးကြောင့် RCSS အဖွဲ့က ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၃၁ ဦးတို့ ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

NRPC ဘက်ကတော့ အဲဒီအမှုတွေအပေါ် လုပ်ထုံးလုပ်နည်းအရ ပြန်လည်စိစစ်ပြီး လွတ်မြောက်အောင် ဆောင်ရွက်ပေးမယ်လို့ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ရှမ်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကူညီပေးရေးနဲ့ ပတ်သက်ပြီး RCSS ဘက်က ဆွေးနွေးခဲ့တယ်လို့ အခုလို ပြောပါတယ်။

"လိုအပ်နေတဲ့ အနေအထားပေါ့ စားဝတ်နေရေးကိစ္စတွေ ကျနော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ၊ ခုနက အစိုးရကော တပ်မတော်ကော၊ RCSS အနေနဲ့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဟာပေါ့၊ နောက်ပြီးတော့ ရေရှည် လုပ်ငန်းပေါ့၊ ရေရှည်လုပ်ငန်းကျတော့ သူတို့ ပြန်လည်နေရာချထားရေးကိစ္စတွေ စသဖြင့်ပေါ့ အဲဒီ အပိုင်း ၂ ပိုင်းဆွေးနွေးခဲ့တာရှိပါတယ်။ တတ်နိုင်တဲ့လမ်းကြောင်းကနေလုပ်မယ် တပ်မတော်ကလည်း တတ်နိုင်တဲ့ လမ်းကြောင်းကနေ လုပ်မယ်ဆိုတော့ ခုနပြောသလို စုပေါင်းစပ်ပေါင်းကြီး ကူညီရင် မကောင်းဘူးလားဆိုတဲ့ ဆွေးနွေးချက်ဖြစ်ပါတယ်"

ဒီနေ့ အလွတ်သဘောဆွေးနွေးပွဲ့ရလာတဲ့ အချက်တွေကို နှစ်ဖက်ခေါင်းဆောင်တွေကို ပြန်လည်တင်ပြပြီး တရားဝင် ဆွေနွေးပွဲတွေ ဆက်လက် ကျင်းပသွားမယ်လို့ သိရပါတယ်။

NRPC အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က ဒီနေ့ ဆွးနွေးပွဲမှာ RCSS က ဖမ်းဆီး အကျဉ်းကျ တပ်ဖွဲ့ဝင်များကိစ္စ၊ အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးမှာ အစိုးရနဲ့ လက်တွဲလုပ်ဆောင်ရေး ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ၊ နေရပ်စွန့်ခွာသူတွေ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ နေရပ်ပြန်လည် နေထိုင်နိုင်ရေးတို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့အတွက် အကျိုးရှိတယ်လို့ ပြန်လည်ဆွေးနွေးခဲ့ကြောင်း NRPC ရဲ့ ဖေ့စ်ဘွတ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနက်ဖြန်မှာလည်း RCSS နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ခေါင်းဆောင်တဲ့ တပ်မတော် ညှိုနှိုင်းရေးအဖွဲ့တို့ ဆက်လ က် ဆွေးနွေးဖို့ရှိပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဦးတည်ဆွေးနွေးမှာဖြစ်ကြောင်းနဲ့ အသေးစိတ်အချက်တွေကိုတော့ မပြောလိုသေးကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲကို NRPC ဒုတိယ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ RCSS/SSA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုးငင်း စတဲ့ သူတွေ တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းက ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org