ရခိုင်ပြည်နယ်အတွင်းက လတ်တလောတိုက်ပွဲများ


2019.08.08
rakhine-army-622.jpg ရခိုင်ပြည်နယ်မှာ ကင်းလှည့်နေတဲ့ တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ဒီရက်ပိုင်းတွေထဲ အဆက်မပြတ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ ရဲ့တိုက်ပွဲတွေဟာ မနေ့ကလဲ ကျောက်တော်၊ ရသေ့တောင်နဲ့ ပလက်ဝမြို့နယ်ထဲမှာဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိသလို၊ အရပ်သားတွေလည်း ပျောက်နေတယ်လို့ သိရပါတယ်။ မနေ့ကဖြစ်တဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က ၂ဝ ကျော်လောက်ကျဆုံးပြီး AA ဘက်က လေးယောက်ကျဆုံးတယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“ကျောက်တော်မြို့နယ်ထဲမှာတော့ သြဂုတ်လ ၇ ရက်မနက် ၈ နာရီ ၁ဝ မိနစ်မှာ တင်းမရွာရဲ့အရှေ့ မြောက်ဖက် ၁ ဒဿမ ၅ ကီလိုမီတာအကွာမှာ အင်အားနှစ်ရာလောက်ရှိတဲ့ဗမာစစ်တပ်ရဲ့စစ်ကြောင်း တစ်ကြောင်းကို ကျနော်တို့ ရခိုင့်တပ်တော်ကွန်မန်ဒိုတွေကနေ ဖြတ်တောက်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာရန်သူဘက်က ၁၅ ဦးလောက်ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူလည်း အများအပြားရှိတယ်။ နောက်ပြီးတော့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာရဲ့အရှေ့ဖက် ၂ ဒဿမ ၃ ကီလိုမီတာအကွာမှာ တိုက်ပွဲ ဖြစ်ခဲ့တာရှိတယ်။ အဲဒီမှာခဏပဲထိတွေ့မှုဖြစ်ပြီးတော့ ရန်သူဖက်ကနေ တပ်ပြန်ဆုတ်သွားတာပေါ့။ နောက်ပြီးတော့ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာရှိတယ်။ နယ်စပ်မှတ်တိုင် ၇၁ နဲ့ ၇၂ အကြားမှာ၊ တပ်မ ၇၇ ရဲ့တပ်တွေနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တာရှိတယ်။ ခြုံပြီးတော့ပြောမယ်ဆိုရင် သြဂုတ်လ ၇ ရက်၊ တနေ့တာအတွင်းတိုက်ပွဲတွေမှာ ဗမာစစ်တပ်ဘက်ကျဆုံးတဲ့သူ ၂၅ ဦးရှိပြီးတော့ ဒဏ်ရာရတဲ့သူက ၃ဝ ဦးထိရှိတယ်။ ကျနော်တို့ ရခိုင့်တပ်တော်ဘက်ကလည်းပဲ အာရက္ခစစ်သည်တော် ၄ ဦးတိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးရတာရှိတယ်”

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော် အနောက်ပိုင်းတိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကိုမေးကြည့်တော့  “ပလက်ဝမြောက်ခြမ်းတိုက်ပွဲ ဖြစ်တာမှန်တယ်ခင်ဗျ။ တင်းမရွာနားလည်း ဖြစ်တယ်။ ကျတာကတော့ ၂ဝ လောက်ကတော့ မကျဘူး။ ထိခိုက်ဒဏ်ရာရတာကတော့ ရှိကောင်းရှိမှာပေါ့ဗျာ။ တိုက်ပွဲဖြစ်တာဆိုတော့ ပန်းနဲ့ပေါက်တာမှမဟုတ်တာ” လို့ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့ဒေသက ရွာသားတွေပျောက်နေသလို၊ တချို့လည်း အဖမ်းခံရတယ်လို့ AA ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။

မြန်မာ့တပ်မတော် ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ “ပျောက်နေတာ ရွာသားတွေလား သူပုန်တွေလား မသိပါဘူးဗျာ။ ဒီရက်ပိုင်းဖမ်းတာတော့မရှိပါဘူး” လို့ တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေအတွင်းမှာဆိုရင် အင်းတကော်တပ်ရင်း ၁ဝ၅ က ဒုတပ်ရင်းမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးဝင်းမျိုးအောင် ကျဆုံးတယ်လို့ AA ဘက်ကပြောပါတယ်။ ဒီအကြောင်းကို စစ်ဘက်နဲ့နီးစပ်သူလို့ ယူဆနိုင်တဲ့ ဟန်ငြိမ်းဦးဆိုတဲ့သူရဲ့ဖေ့စ်ဘွတ်မှာလဲ သြဂုတ်လ ၃ ရက်နေ့ကတင်ထားတာ တွေ့ရသလို၊ ဧရာဝတီသတင်းဌာနရဲ့အင်္ဂလိပ်ပိုင်းသတင်းတပုဒ်မှာလည်း မနေ့ကဖော်ပြထားတာတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ သူတို့စိစစ်နေဆဲပဲလို့ RFA ကိုပြောပါတယ်။

ပလက်ဝဘက်မှာ မြန်မာ့တပ်မတော်က အင်အားအလုံးအရင်းပို့ထားတဲ့အတွက် နောက်ရက်တွေမှာလည်း တိုက်ပွဲတွေပိုများလာနိုင်တယ်လို့ AA အဖွဲ့က ခန့်မှန်းပြောဆိုပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။