ခင်ဦးနဲ့ ရေဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံလေးဦး ဒဏ်ရာရ၊ နှစ်သောင်းနီးပါး ထွက်ပြေး

စစ်ကိုင်းတိုင်း ခင်ဦး နဲ့ ရေဦးမြို့နယ်တွေမှာ သြဂုတ်လ ၉ ရက်နေ့ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံလေးဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သလို လူနှစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းတွေကြောင့် လက်ရှိမှာ ခင်ဦးမြို့နယ်က အရပ်သား ရှစ်ထောင်ကျော်နဲ့ ရေဦးမြို့နယ်က အရပ်သား တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ခင်ဦးမြို့နယ်ထဲကို ဒီနေ့မနက် အစောပိုင်းမှာ စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်ခဲ့ တာကြောင့် အင်းပါတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနဲ့ ကုန်းသာရွာ၊လက်ပံလှ၊ ကျီးကန်၊ ရေအေးကုန်း၊ ရသန်း၊ ပဒွင်း၊ လက်ပံကြီးနဲ့ လောင်းရှည်စတဲ့ ရွာပေါင်း ၁၃ ရွာက လူရှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။

ဒီအပြင် ဒီမနက် နယ်မြေရှင်းလင်းရေးလုပ်ရင်း စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေက မရမ်းအင်းရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၇ နှစ်အရွယ် ဒေါ်ဝင်းစိန်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်မာလာဦး၊ အသက် ၃၃ နှစ်အရွယ် ကိုဇင်မျိုးထွန်းနဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဇင်လင်းဖြိုးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးတွေက အင်းပါတ် ကျေးရွာအနီးတစ်ဝိုက်ကိုကျတယ်။ အင်းပါတ်ရွာကို ကျော်ပြီး မရမ်းအင်းရွာထဲကို ကျတာမှာ ပြည်သူ လေးယောက် လက်လက်နက်ကြီး ကျည်ထိမှန်တယ်။ ၁၀ နှစ်အရွယ် ကလေးကတော့ ဒဏ်ရာပြင်းထန်တယ်"

ရေဦးမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း စစ်ကောင်စီတပ်က သြဂုတ်လ ၇ ရက် ညနေပိုင်းကစပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် သြဂုတ်လ ၉ ရက်နေ့အထိ ရွာပေါင်း ၂၁ ရွာက အရပ်သား တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ငြုပ်တုံ၊ မုတ်စီ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ ထန်းတော၊ နှောကုန်း၊ ဇဝ၊ ရွာမိဿာ၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ခြုံရွာ၊ ကျီကုန်း၊ မစိုးရိမ်၊ ပေါက်တော၊ သံသည်၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ထန်းပင်ကုန်းနဲ့ ရေမျက်ရွာစတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

အခုလို စစ်ကြောင်းထိုးတာတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းက ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ လုံခြုံရေးဆောင်ရွက်ဖို့ဆိုပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ အရေးပေါ်သက်တမ်း ခြောက်လ တိုးခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၁ ဒသမ ၆ သန်းကျော်ရှိလာပါတယ်။ အဲဒီထဲက စစ်ဘေးဒုက္ခသည် ၇၇၈,၉၀၀ ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။