လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလို့ အရပ်သားနှစ်ထောင်နီးပါး ထွက်ပြေးနေရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်စီးနင်းနေတာကြောင့် အရပ်သား နှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတွေက ဩဂုတ်လ ၂၉ ရက်နေ့မှာ RFA ကိုပြောပါတယ်။

အင်အား ရှစ်ဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဩဂုတ်လ ၂၆ ရက်နေ့ကစလို့ ဩဂုတ်လ ၂၉ ရက် ဒီနေ့အထိ တီဇစ်၊ စမ်းလှမ်း၊ ဂေါ့အင်းနဲ့ ကြယ်တောင်ရွာတွေဘက်ကို စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ဒီနေ့မှာတော့ ကြယ်တောင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လောင်းလုံးမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီမနက်တော့ ကြယ်တောင်ရွာကို လက်နက်ကြီးနဲ့ပစ်ပြီး ဝင်ဖို့ကြိုးစားနေတယ်လို့ သိထားပါတယ်ဗျ။ ပြေးနေရတဲ့သူတွေကတော့ နှစ်ထောင်နီးပါးတော့ ရှိတယ်။ စစ်ကြောင်းတွေပြန်ထွက်ရင်တော့ ရွာကို ပြန်ဝင်ကြမှာပါ။ အခုတော့ အခြေအနေ စောင့်ကြည့်နေရုံပဲပေါ့"

စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ ရွာတွေက အရပ်သားရှစ်ဦးကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းက ဒေသခံ ခုနစ်သောင်းကျော် (၇၀,၂၀၀ ဦး) နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။