စစ်ဘေးဒုက္ခသည် ကလေးတွေ ပညာသင်ရေး လွှတ်တော်တင်ပြ

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် ကလေးတွေ ဒီပညာသင်နှစ်မှာ ကျောင်းတက် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆို တစ်ရပ် တင်သွင်းဖို့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက တင်ပြခဲ့ပေမယ့် မေးခွန်းအဖြစ်သာ ခွင့်ပြုကြောင်း လွှတ်တော်ရုံး က ဒေါ်နန်းမိုး ထံ အကြောင်းပြန်ခဲ့ပါတယ်။
မေးခွန်းအဖြစ်သာ မေးရမယ်ဆိုရင် နောက်ထပ် ၁၅ ရက်လောက် ကြာမြင့်မှာဖြစ်တာကြောင့် စစ်ဘေးဒုက္ခသည် ကလေးသူငယ်တွေအတွက် စိုးရိမ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။
"စစ်ဘေးရှောင် ကလေးသူငယ်တွေ လာမယ့် ၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်မှာ ကောင်းမွန်စွာ ပညာသင်ကြားနိုင် ဖို့ အစိုးရကစီစဉ်ပေးဖို့ တိုက်တွန်းတဲ့အဆိုပေါ့နော်၊ မေးခွန်းအဖြစ်ပြောင်းပြီးမှ မေးပေးပါဆိုလို့ အခုမေးခွန်း အဖြစ် ပြောင်းထားတယ်၊ ဒါပေမဲ့ မေးခွန်းဆိုတာ အခုချက်ချင်းတင် အခုချက်ချင်းဖြေလို့မရဘူး ဆိုတဲ့အခါ ကျတော့ မေးလို့မရဘူးလေ၊ နောက် ၁၅ ရက်လောက် စောင့်ရမယ်ဆိုတဲ့အခါကျတော့ အဆင်မပြေဘူးပေ့ါနော်၊ တကယ်ပဲ ပြည်သူ့အတွက် အလုပ်လုပ်ချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ကျတော့ ကလေးသူငယ်တွေ အတွက် အရမ်းရင်လေးမိတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က ကျေးရွာတချို့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် သီပေါမြို့ပေါ် ကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည်တွေထဲမှာ ကျောင်းနေအရွယ်ကလေး ၃၀၀ ရှိကြောင်း၊ ကလေးတွေ ကျောင်း တက်နိုင်ဖို့ ပြည်နယ်အစိုးရက စီစဉ်ထားတာမရှိကြောင်း ဒေါ်နန်းမိုးက ပြောပါတယ်။
ရှမ်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်ရှိပြီး အဲ့ဒီအထဲမှာ ကျောင်းနေအရွယ် ကလေး ၈၀၀ ကျော်လောက်ရှိတယ်လို့ အကူအညီပေးနေသူတွေ က ပြောကြပါတယ်။
ဒီကနေ့ မေလ ၂၅ ရက်နေ့ကစပြီး ဇွန်လ ၁ ရက်နေ့အထိ တစ်ပတ်ကျော်ကာလကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားပြီး မြို့နယ်ကျေးရွာတွေမှာ ကျောင်းအပ်နေ ကြပြီဖြစ်ပါတယ်။