ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မင်းပြားမြို့နယ်အစပ် ပန်းမြောင်နဲ့ မြိုချောင်းကျေးရွာတွေထဲ တပ်မတော်စစ်ကြောင်း က တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခဲ့လို့ နေအိမ်မှာ မနေရဲကြတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် အောင်မင်္ဂလာနဲ့ ရွှေဖောင်တင်ကျောင်းတိုက်တို့မှာ သွားရောက်နေထိုင်ကြရပါတယ်။
တစ်အိမ်တက်ဆင်းပြီး AA စစ်သားတွေ ရှိ မရှိကို စစ်ဆေးကြတာဖြစ်ပြီး သူတို့ဒေသမှာ AA မရှိကြဘူး လို့ပြောတာကို လက်မခံကြဘဲ ဆက်လက်စစ်ဆေးနေတာတွေကြောင့် နေအိမ်တွေမှာလည်း ဆက် မနေရဲကြတာလို့ ပြောကြပါတယ်။
မနေ့က ညအချိန်ကစပြီး အောင်မင်္ဂလာကျောင်းတိုက်မှာ အယောက် ၅၀၀ ကျော်နဲ့ ရွှေဖောင်တင် ကျောင်းတိုက်မှာ ၂၀၀၀ ကျော် ရောက်နေကြတယ်လို့ ပြောပါတယ်။
မနေ့ကဖြစ်စဉ်အတွင်း မြိုချောင်းကျေးရွာက ဦးခင်မောင် (၃၀ နှစ်)၊ ကျော်အေးမောင် (၂၅ နှစ်) နဲ့ ပန်း မြောင်း ကျေးရွာက စိုးဝင်းနိုင် (၂၂ နှစ်)၊ မောင်မြင့်လှိုင်( ၃၀ ဝန်းကျင်) တို့ကို AA အဖွဲ့နဲ့ပတ်သက် တယ်ဆိုတဲ့ သံသယနဲ့ အစိုးရတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေ က ပြောပါတယ်။
အဲဒီသတင်းကို အတည်ပြုနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
မနေ့က တစ်နေ့လုံးနီးပါးလောက် ပန်းမြောင်နဲ့ မြိုချောင်းကျေးရွာတွေထဲကို အစိုးရတပ်မတော်စစ် ကြောင်းက တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့သလို သေနတ်နဲ့ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းအချိန်လောက်အထိ စစ်ဆေးမေးခဲ့ကြပြီး ဒေသခံတွေလည်း မနေရဲကြတာကြောင့် အောင်မင်္ဂလာနဲ့ ရွှေဖောင်တင်ကျောင်းတိုက်တွေဆီ အယောက် ၃၀၀၀ နီးပါးလောက် သွားရောက်ခိုလှုံနေကြ ရပါတယ်။
သူတို့နေအိမ်တွေမှာ ဘာကြောင့်မနေရဲကြတော့တာလဲဆိုတာကို ပန်းမြောင်းရွာသား ဦးကျော်မြင့်က အခုလိုပြောပါတယ်။
"မနေ့က ပိုဆိုးတယ်ဆိုတာက မြောက်ဦးမြို့နယ် မြိုချောင်းကနေစပြီး ဝင်လာတယ်ဗျာ၊ ပန်းမြောင်ရွာထိပ် ကိုရောက်လာတယ်၊ ရွာအပြင်ကိုထွက်ပြီးသူတို့က စစ်သားတွေက အရပ်သားဝတ်စုံ လဲလိုက်တယ်ဗျာ၊ ရွာထဲဝင်တော့မှ သေနတ်တွေရမ်းပြီး ပစ်သွားတယ်၊ ရွာသားတွေကကြောက်ပြီး ပြေးသူပြေးတယ် ပုန်းသူပုန်းကြတယ်၊ တွေ့တဲ့ရွာသားတွေကို ဖမ်းခေါ်ပြီးမှ ထုထောင်းနှိပ်စက်တာတွေ လုပ်တယ်ဗျ၊ မြိုချောင်း ရွာက နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်၊ ရွာသစ်ရပ်ကွက်က နှစ်ယောက်ကို ဖမ်းခေါ်သွားတယ် ဒီနေ့ ခု ချိန်ထိ ဘာသတင်းမှ မကြားရသေးဘူး၊ ရွှေဖောင်တင်ကျောင်းမှာက ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ် ကျောင်းမှာခုဆိုရင် လူတွေတော်တော်လေး များတယ်ဗျ"
အဲဒီထဲကမှ လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်လွတ်မလာသေးဘူးလို့ လည်း ပြောပါတယ်။
လက်ရှိမှာ ရွှေဖောင်တင်ကျောင်းတိုက်ကို ဒေသခံအယောက် ၂၀၀၀ လောက်ရောက်နေကြပြီး သူတို့ကို ဘယ်အချိန်လောက်ထိ ခိုလှုံခွင့်ပြုရမယ်ဆိုတာ မသိရသေးဘူးလို့ ဆရာတော် ဦးပညာဝံသ က မိန့် ပါတယ်။
"ဒုက္ခသည်ကတော့ နှစ်ထောင်ကျော် ဆိုပါတော့ဗျာ၊ တစ်ရက်နှစ်ရက်နေ ပြန်သွားဖို့ခိုင်းထားတယ်၊ ဒါ ပေမဲ့ မနေ့ကနေစပြီး နှစ်ထောင်လောက်ရှိနေပြီ၊ တိုးရင်လည်း တိုးလာနိုင်တယ် လျော့ရင်လည်း လျော့လာနိုင်တယ်။ စစ်သားတွေက အိမ်မှာနေတဲ့သူတွေကို ဝင်ရိုက်တယ်၊ နေလှန်းထားတယ် ပေါ်တာ ဆွဲသွားတယ်၊ လူ ၁၃၀ ကို တစ်နာရီကနေ ၅ နာရီအထိ နေလှန်းထားတယ်၊ တချို့ အင်္ကျ ီချွတ်ထား တယ်၊ AA ဘယ်မှာလဲလို့ သူတို့မေးတယ် ကြောက်ပြီးတော့ စစ်သားလာရင် ကြောက်ပြီးတော့ ပြေးလာ တာပေါ့"
အောင်မင်္ဂလာကျောင်းတိုက်မှာဆိုရင်လည်း ဒေသခံ အယောက် ၅၀၀ ကျော်လောက်ရှိနေပြီလို့ ဒုက္ခ သည် စခန်းတာဝန်ခံ ကိုကျော်ကျော်လှ က ပြောပါတယ်။
"တိုက်ပွဲရှောင်တွေက အခု လူအယောက် ၅၀၀ လောက် ဖြစ်နေပါပြီ၊ စစ်တပ်က ရွာတွေကိုဝင်ပြီးရင် သူတို့လုပ်ချင်တာလုပ်ပြီးရင် သေနတ်တွေကို ပစ်ချင်သလိုပစ် လူတွေကိုလည်း ခေါ်မေးတယ်၊ ပြဿ နာတွေ အများကြီးရှာတယ်။ ရခိုင်သားတစ်ယောက်ကိုမြင်ပြီဆိုတာနဲ့ AA လို့ပဲ သတ်မှတ်တယ်၊ ရွာသား တွေမြင်ရင်လည်း သူတို့က AA ပဲ၊ ရွာထဲမှာနေရင် ပြဿနာ အရှာခံရတယ် ရွာအထဲမှာမရှိဘူးဆိုရင် လည်း ဘာဖြစ်လို့ရွာထဲမှာ မရှိရတာလဲ နောက်ထပ်ပြဿနာလုပ်တယ်၊ သူူတို့ကပြောတယ်တဲ့ မင်းတို့ ရွာမှာမနေဘူးဆိုရင် ရွာကိုမီးရှို့မယ်တဲ့ ဘယ်လိုပဲပြောပြော ရွာကိုပဲ မီးအရှို့ခံမယ် ကိုယ့်အသက်ကို တန်ဖိုးထားတယ်ပေါ့ အဲဒါကြောင့် အောင်မင်္ဂလာတို့ ရွှေဖောင်တင်ဘုန်းကြီးကျောင်းတွေမှာ လာပြီး ခိုလှုံနေရတယ်"
အဲဒီကျေးရွာတွေထဲမှာ AA အဖွဲ့ဝင်တွေ ခိုလှုံနေကြတယ်ဆိုတာ ဟုတ်မဟုတ်ကို အတည်ပြုဖို့အတွက် AA ရက္ခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ် မှူးကြီး ဝင်းဇော်ဦး တို့ဆီ RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့မရခဲ့ပါဘူး ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
