မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပတ် အတွင်းမှာပဲ နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ လူ နှစ်သောင်း နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UN OCHA) က ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူတွေ ထပ်မံတိုးနေသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ များပြားနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ဖြစ်နေတဲ့ တိုက်ပွဲတွေ ကြောင့်လည်း ဇူလိုင်လ ၂၆ ရက်နေ့အထိ ၀ိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲက လူ ၇၀၀ ကျော်ကို ဘေးကင်းရာနေရာ တွေကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ UN OCHA က ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာတော့ စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ရွာပေါင်း ၂၀ လောက်က ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဩဂုတ်လ ၂ ရက်မှာ ဒေသခံတွေက RFA ကို ပြောထားပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါး (၁ ဒသမ ၉ သန်း ကျော်) ရှိလာပြီလို့ UN OCHA ရဲ့ အခု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ကြပါတယ်။