ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ လွှတ်တော်စုံညီ အစည်းအဝေးကို နေပြည်တော်မှာ တည်ဆောက်ထားတဲ့ လွှတ်တော် အဆောက်အအုံသစ်မှာ ကျင်းပမှာ ဖြစ်သလို တချိန်တည်းမှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကိုလည်း တပြိုင်နက် ကျင်းပမယ်လို့ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လွှတ်တော်ခေါ်မဲ့အကြောင်း ကြေညာချက်နဲ့အတူ အခြေခံဥပဒေမှာ ထည့်သွင်းမဲ့ ဥပဒေသစ် ၁၇ ရပ်ကိုလည်း ဒီကနေ့မှာ ပြဌာန်းခဲ့တယ်လို့ သိရပါတယ်။ ဒီဥပဒေတွေထဲမှာ နိုင်ငံတော်တံဆိပ်၊ နိုင်ငံတော် အလံ၊ နိုင်ငံတော် သမတ၊ ဒုသမတနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်တိုင်းဒေသကြီး အစိုးရတွေနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
စစ်အစိုးရရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်စုံညီအစည်းအဝေးကို တနှစ် တကြိမ်ထက် ပိုပြီး ကျင်းပဖို့မလိုဘူးလို့ သိရပါတယ်။
လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အရာရှိတွေအတွက် ကြိုတင် ရယူထားပြီး ဖြစ်ပြီး စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ၈၀ ရာနှုန်းခန့် အနိုင်ရထားကြောင်း ကြေညာထားပါတယ်။
လွှတ်တော်သစ်နဲ့ အစိုးရသစ်မှာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ ဘယ်လို နေရာမျိုးကနေ ပါဝင်မလဲဆိုတာကတော့ အခုထိ မသဲကွဲသေးဘူးလို့ သတင်းတွေက ဆိုပါတယ်။
