ဆက်ဆံရေးရုံးတွေ အဆင် မပြေကြောင်း တိုင်းရင်း သားခေါင်းဆောင်တွေပြော

NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး ခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးတွေမှာ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဆက်ဆံရေးရုံးတွေနဲ့ ပတ်သက်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ် Photo: Aung Moe Myint/ RFA

NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးတွေမှာ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေကြရတယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့ ဆက်ဆံရေးရုံးတွေနဲ့ ပတ်သက်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တိုင်းရင်း သားခေါင်းဆောင်တွေက ပြောကြပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က သူတို့ရုံးတွေမှာ အခက်အခဲတွေဖြစ်နေတဲ့အကြောင်း အဖွင့်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ အစိုးရနဲ့ ကျနော်တို့ စတင်ပြီးတော့ ဆက်ဆံရေးရုံး ကို ဒေသအသီးသီး ကိုယ့်ဒေသ နဲ့ကိုယ် အဲ့ဒါ သတ်မှတ်ပြီးတော့ ကျနော်တို့ ဆက်ဆံရေးရုံးကို ဖွင့်ကြတယ်၊ ဆက်ဆံရေးရုံး ဖွင့်တဲ့ နေရာမှာ အလုပ်လုပ်တဲ့ နေရာမှာ ကျနော့်အနေနဲ့ သိရသလောက် စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီး ရင်ဆိုင် ရင်ဆိုင်ကြရပါတယ်။ အဲ့တော့ ဒီနေ့အစည်းအဝေး က စတင်ပြီးတော့ ဒီ အခက်အခဲတွေက သက်ဆိုင်ရာ ဆက်ဆံရေး ရုံး တစ်ခုစီ တစ်ခုစီရဲ့ တင်ပြချက်တွေကိုလည်း ကျနော်တို့ ကြားနာရမှာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ ဆက်ဆံရေးရုံးတွေ အလုပ် ချောချောချူချူ ဖြစ်နိုင်အောင် ကျနော်တို့ TOR ကိုလည်း ကျနော်တို့ အပြန်အလှန်ဆွေးနွေးသွားဖို့ လုပ်သွားမယ်လို့ ကျနော်ဒီလို သိရတဲ့အတွက် လုပ်သွားနိုင်ဖို့လည်း ကျနော် မျှော်လင့်တယ်"

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချူပ်ကြီး ယွက်စစ် ကလည်း ရှမ်းပြည်မှာရှိတဲ့ သူတို့ဆက်ဆံရေးရေးရုံးတွေရဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

"ကျနော်တို့ ရှမ်းပြည်အနေနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲ ရင်ဆိုင်မှုကတော့ ကျနော်တို့ကို အဲဒီ မူ ၆ ချက်ဟာ စွဲကိုင်ပြီးတော့ ကျနော်တို့ကို ဖိအားပေးနေတဲ့ သဘောမျိုး တွေ့ရပါတယ်။ သူတို့ရဲ့ တပ်လှုပ်ရှားမှုဟာ ကျနော်တို့ မြေနေရာဘက်မှာ သွားချင်သလို သွားတယ်၊ ဒါပေမဲ့ ကျနော် တို့ရဲ့ ဆက်ဆံရေး ရုံးတွေအပေါ်ဆက်ဆံတာတို့ ကျနော်တို့ အလေးထားတာတို့ မရှိကြပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးဆိုတဲ့ နေရာမှာ အပြန်အလှန် ကျနော်တို့ ဆက်ဆံ ကြဖို့နဲ့ လက်တွဲ အတူတကွ ပူးပေါင်းကြဖို့ လို့ ကျနော်တို့ အနေနဲ့ ဒီလိုသဘောထား ရှိတယ်လို့မြင်မိပါတယ်။ JMC ဆိုတဲ့အနေနမှာ ကျနော်တို့ အားလုံး အတူတကွ ပူးပေါင်းပြီးတော့ ပြဿနာတွေကို ဖြေရှင်းကြမှာ ဖြစ်ပါတယ်။ ယနေ့ လက်ရှိ အခြေအနေမှာ တပ်မတော်ဘက်က အဲဒီ JMC ဆိုတဲ့ နာမည်နဲ့ သူတို့က ကျနော်တို့ အပေါ် လာပြီးတော့ ဖိစီးတယ် ကျနော်တို့ကို ဖိအားပေးနေတယ်လို့ တွေ့မြင်ရပါတယ်။ အဲ့လိုမျိုး ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ ကျနော်တို့ ပြဿနာတွေ ပိုမို ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ဖက်ပဋ္ဋိပက္ခတွေကို ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး"

အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ KNU အဖွဲ့မှာ ဆက်ဆံရေးရုံး (၆) ရုံး၊ RCSS အဖွဲ့မှာ ဆက်ဆံရေးရုံး (၇) ရုံး၊ CNF အဖွဲ့မှာ ဆက်ဆံရေးရုံး ( ၃) ရုံး၊ PNLO အဖွဲ့မှာ ဆက်ဆံရေးရုံး ( ၃) ရုံး၊ KNLA/PC အဖွဲ့မှာ ဆက်ဆံရေးရုံး ( ၃) ရုံး ၊ DKBA အဖွဲ့မှာ ဆက်ဆံရေးရုံး (၃ ) ရုံး ၊ ALP အဖွဲ့မှာ ဆက်ဆံရေးရုံး (၁) ရုံး ၊ ABSDF အဖွဲ့မှာ ဆက်ဆံရေးရုံး (၁) ရုံး၊ NMSP အဖွဲ့မှာ ဆက်ဆံ ရေးရုံး (၆ ) ရုံး၊ KNPP အဖွဲ့မှာ ဆက်ဆံရေးရုံး ( ၃) ရုံးနဲ့ SSPP အဖွဲ့မှာ ဆက်ဆံရေးရုံး (၃) ရုံး ဖွင့်လှစ်ထားပြီး ဒီအစည်းအဝေးကို ဆက်ဆံရေးရုံး တာဝန်ယူထားသူတွေလည်း တက်ရောက်နေကြပါတယ်။

ဒီအစည်းအဝေးကနေ ရရှိလာတဲ့ အချက်တွေကိုတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကနေတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ထံ တင်ပြပြီး အတည်ပြုချက်ရရှိအောင် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org