နိုင်ငံတော်အကြီးအကဲများ၏ လစာနှင့် ရပိုင်ခွင့်များ ကြိုတင်သတ်မှတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမတရဲ့လစာကို ကျပ်သိန်း ၅၀ သတ်မှတ်ပြီး ကား ၆ စီး အပါအဝင် လိုအပ်တဲ့ အဆောင်အယောင်တွေ၊ နိုင်ငံခြား ဆေးကုသခွင့်တွေ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုရဲ့ ဇန်နဝါရီ ၃၁ ရက် တနင်္လာနေ့က ထုတ်ပြန်တဲ့ လွှတ်တော်အစည်းအဝေး သတင်းမှာ ဖော်ပြထားပါတယ်။

2011.02.01
kids_garbage_poverty_305_z.jpg အမှိုက်ပုံထဲမှ စားကြွင်းစားကျန်များကို ရှာဖွေ စားသောက်နေသော ကလေးငယ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ဆင်းရဲသော လူနေမှုအခြေအနေဖြင့် နေထိုင်နေရကြောင်း ခန့်မှန်းတွက်ချက်ထားသည်။ (Photo: AFP)
(Photo: AFP)

ဒု သမတရဲ့လစာ ကျပ် သိန်း ၄၀ ၊ လွှတ်တော်ဥက္ကဋ္ဌတွေက ၃၅ သိန်းစီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ၃ သိန်း ခံစားခွင့် ရှိတယ်လို့ ဆိုပါတယ်။ ဒီလစာ သတ်မှတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရလို့ ဆိုပေမဲ့ အခုမှ သိခွင့်ရတာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“လွှတ်တော် မစခင်မှာကတည်းက ကျွန်တော်တို့ ဒီသတင်းတွေ ကြားပြီးနေပြီ။ လွှတ်တော်မှာ သွားတက်မဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်ကို သွားပြီးတော့ ဒီ သတင်းပို့တဲ့အခါမှာ အဲဒီ အကြောင်းတွေ သိလာရတယ်။ သမတက သိန်း ၅၀ ရမယ်တို့၊ ဒုသမတက ဘယ်လောက်ရမယ် အစရှိသည်ဖြင့်၊ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ၃ သိန်းရမယ် အစရှိသည်ဖြင့် လစာတွေ သူတို့ကို လွှတ်တော်ရုံးကနေပြီးတော့ သတင်းထုတ်ပေးလိုက်တယ်လို့ ဆိုရမှာပေါ့ဗျာ။”

ကြိုတင်ပြဌာန်းထားတဲ့ ဥပဒေတွေ အားလုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၄၃ အရ ဆိုပေမဲ့ လွှတ်တော်ကနေ ပြင်ဆင်ခွင့်၊ ဖျက်သိမ်းခွင့် ရှိတယ်လို့ဆိုထားပေမဲ့ လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်အများစု အနိုင်ရ ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ လွှမ်းမိုးနေတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သြော် လွှတ်တော် အနေအထားကတော့ ပြောထားတဲ့အတိုင်းတော့ သူတို့ ဆက်သွားနေတာတော့ အမှန်ပေါ့ဗျာ။ ဒါပေမဲ့ ဒီ လွှတ်တော်မှာ ဒီ ဥက္ကဋ္ဌတွေ အစရှိသည်ဖြင့် သဘာပတိတွေ တင်မြှောက်တာတော့ အများစု အနိုင်ရတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးကပဲ နေရာယူထားတာ တွေ့ရတယ်။ တခြားပါတီတွေက လွှတ်တော် ဥက္ကဋ္ဌ၊ နာယက အစရှိသည်ဖြင့် တင်မြှောက်ခံရတာ မတွေ့ရဘူး။ ဒါပေမဲ့ တခြားပါတီတွေက လွှတ်တော် နာယက၊ ဥက္ကဋ္ဌ အစရှိသည်ဖြင့် တင်မြှောက်တာကို အပြိုင်တင်မြှောက်တာတွေတော့ ရှိတယ်လို့ ကြားရတယ်။ အမျိုးသား လွှတ်တော်မှာသော်လည်းကောင်း၊ အဲဒီလို ကြားရတဲ့အတွက်ကြောင့်မို့လို့ အပြိုင်တင်ခွင့်တွေလည်း ရထားတယ်။ သို့သော်လည်းပဲ အနိုင်မရဘူးသာလျှင် သိရပါတယ်။”

တနင်္ဂနွေနေ့က စတင် ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ဥက္ကဋ္ဌနေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ကို ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။

တနင်္လာနေ့မှာတော့ ဒုတိယ သမတလောင်း ၃ ဦးကို ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့ကနေ တဦးစီ အမည်တင်သွင်းပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဒုတိယ သမတလောင်း ၃ ဦးထဲကနေ နိုင်ငံတော် သမတကို ပြည်ထောင်စု လွှတ်တော်က ပြန်လည် ရွေးချယ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-01 13:39

31 Jan is not Sunday. It is Monday..