တရားစီရင်ရေးမှာ လွှမ်းမိုးခံရမှုနဲ့ အဂတိလိုက်စားမှုရှိနေဆဲလို့ အစီရင်ခံစာ ထောက်ပြ
2015.12.08

မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်မှာ အဂတိလိုက်စားမှုတွေရှိနေပြီး တရားသူကြီး တွေဟာ တရားသူကြီးချုပ်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းတဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
အဲဒီအစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး က အခုလိုတင်ပြခဲ့တာပါ။
"တရားစီရင်ရေးပိုင်းတွင် အဂတိတရားများ လွှမ်းခြုံလျက်ရှိနေသည်ကို တွေ့ရှိရပါတယ်၊ အထက်တရားသူကြီးအဆင့် ဆင့်၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများတွင် ကွင်းဆက်များရှိနေတာကို တွေ့ရှိရပါတယ်၊ အလားတူ ဥပဒေဝန်ထမ်း အဆင့်ဆင့်တွင်လည်း ကြီးကြပ်သူဝန်ထမ်းများ သည် ယေဘုယျအားဖြင့် ကွင်းဆက် ရှိနေပြီး နားလည်မှုဖြင့်ဆောင်ရွက်လျက်ရှိနေတာကို တွေ့နေကြရပါတယ်၊ အများအား ဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများ တွေ့ရှိနေရပါတယ်၊ နိုင်ငံတော်အကြီးအကဲ နှင့် ဖွဲ့စည်းပုံအခြေခံကပေးအပ်သော အခွင့်အရေးများ အရ ပြည်ထောင်စုတရား လွှတ်တော် ချုပ်နှင့် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ်များ သည် ထောက်ခံချက်အသီးသီးဖြင့် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ကြသော တရားသူကြီးများသည် တရားသူကြီးချူပ်များ ၏ လွှမ်းမိုးမှုမှ ကင်းလွတ်နိုင်မည်မဟုတ်သည်ကို သုံးသပ်တွေ့ရှိ ရပါတယ်"
ပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ဖို့အတွက် တရားရုံးနဲ့ တရား လွှတ်တော်အဆင့်ဆင့်ကို ဒီမိုကရေစီနည်း နဲ့ ရွေးချယ်ဖို့လိုအပ်ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းတိုက်တွန်း ထားပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလအထိ ကော်မတီထံ ရောက်ရှိလာတဲ့ တိုင်ကြားစာ တစ်သောင်းနှစ်ထောင်ကျော်ရှိပြီး တရားရုံး အဆင့်ဆင့်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် မကျေနပ်တာကြောင့် ပေးပို့တဲ့ တိုင်ကြားစာတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကော်မတီလည်း ဖြစ်ပါတယ်။