အောင်သပြေရွာက ဖမ်းဆီးခံကျောင်းသူ ပြန်လွှတ်ဖို့ ဗကသတောင်းဆို

ခေမဏီဝင်း
2020.04.13

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ရွာသားတွေ ကန့်ကွက်ခဲ့လို့ ရွာထဲဝင်ရောက် ဖမ်းဆီးရာမှာ ရတနာပုံ တက္ကသိုလ်၊ ရုက္ခဗေဒ ဂုဏ်ထူးတန်း ဒုတိယနှစ်ကျောင်းသူ မသင်းသင်းဆွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

စာမေးပွဲဖြေဆိုနေဆဲမှာ ကိုရိုနာဗိုင်းရပ်ပိုး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့အတွက် မတ်လ ၂၄ ရက်နေ့ မှာ ကျောင်းတွေပိတ်လိုက်လို့ ရွာကိုပြန်လာတာဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ မနက်မှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနေ့က သေနတ် လေးချက်ခန့် ပစ်ဖောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့လည်း ရွာသားတွေက ကျောက်ခဲ၊ လေးခွ တွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် နှစ်ဘက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဒီလိုဖမ်းဆီးခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုံ့ချတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က အခုလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

မဖြေရှင်ဘူးဆိုရင်တော့ ဗကသရဲ့ပုံစံတွေအတိုင်း ဆက်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က ပြောပါတယ်။

"ဖြစ်စဉ်မှာ မပါဝင်တဲ့ကျောင်းသူကို ဖမ်းတယ်၊ အဖေကို မမိလို့ သားသမီးကိုဖမ်းတာတော့ လက်ခံပေးလို့ မရဘူး၊ လွှတ်ပေးဖို့တောင်းဆိုတယ်။ မဖြေရှင်းပေးရင်တော့ ဗကသ ပုံစံတွေအတိုင်း သွားရမှာ"

ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ရွာသားတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ ညဦးပိုင်း တစ်ကြိမ်နဲ့ မနက်ပိုင်းမှာ တစ်ကြိမ်၊ နှစ်ကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနက်ပိုင်း ဖမ်းဆီးချိန်မှာတော့ ရွာသား ၁၀ ယောက် ဖမ်းမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပါတယ်။

စွဲဆိုထားတဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ပုဒ်မ ၃၃၃ (ပြန်သူ့ဝန်ထမ်းကို တာဝန်ထမ်းဆောင်နေစဉ် ဝတ္တရားနှောက်ယှက်ပြီး အပြင်းအထန် နာကျင်မှု) ၊ ၃၂၆ (ဘေးဖြစ်စေတဲ့ လက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု)၊ ၁၁၄ ( ပြစ်မှုကျူးလွန်သူကို အားပေးကူညီမှု) တို့နဲ့ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် ယာယီ ရဲတပ်ဖွဲ့မှူးက တရားလို ပြုလုပ်ထားတာဖြစ်ပါတယ်။

အခုလ ၉ ရက်နေ့မှာတော့ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ရုံးထုတ်ချိန်မှာ မသင်းသင်းဆွေ ပြောသွားတာက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုကြောင့် ကျောင်းတွေပိတ်လို့ ရွာပြန်လာတဲ့အခါမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်၊ ဒါကြောင့် ဖြေဆိုဖို့ကျန်သေးတဲ့ နှစ်ဘာသာကိုလည်း အပြင်မှာသာ ဖြေဆိုချင်တယ်လို့ ပြောပါတယ်။

“ဖမ်းဝရမ်းမပါဘဲ ဖမ်းသွားတာပါ၊ ၂၄ ရက်နေ့က ရောဂါနဲ့မို့ တက္ကသိုလ်တိုင်းပိတ်လို့ ရွာကို ပြန်လာတာပါ။ ၂၅ ရက်နေ့ ဖမ်းခံရတာပါ။"

တရားရုံးထုတ်ကို သွားရောက်ဝန်းရံခဲ့တဲ့ အမှန်တရားဖော်ထုတ်ရေး ကော်မတီက ဦးသိန်းအောင်မြင့်က သူမြင်တွေ့ခဲ့ရတာကို အခုလိုပြောပါတယ်။

"သူ့ကို ကူညီပေးဖို့ ပြောသွားတယ်။ ဖမ်းဆီးတဲ့သူတွေအနေနဲ့ တက္ကသိုလ်ကိုသွားပြီး ဒီကျောင်းသူလေး ပါမပါ စုံစမ်းလို့ရပါတယ်။ မမေးမြန်းဘဲ ဖမ်းတာက အာဏာပိုင်တွေကိုယ်တိုင် ဥပဒေချိုးဖောက် တာလား၊ လေ့လာစောင့်ကြည့်တဲ့အခါမှာ တရားရုံးနဲ့ ရဲစခန်း လမ်းပဲခြားတာကို ကားနဲ့ထုတ်တယ်။ ကြည့်ရတာ သတင်းတွေကို အမှောင်ဖုံးချင်လို့လားတော့ မသိဘူး"

အခုလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ပုသိမ်ကြီး မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဖမ်းဆီးစစ်ဆေးနေတာ မှန်ကန်ကြောင်း တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။

“ဖမ်းဆီးစစ်ဆေးနေတယ်။ တခြားအကြောင်းတွေတော့ ပြောလို့မရသေးဘူး။"

စက်ရုံတည်ဆောက်မှုကို ကျေနပ်မှုမရှိတဲ့အတွက် ကျေးရွာက ဒေသခံအချို့ဟာ ဆန္ဒထုတ်ဖော်မှုတွေ၊ တောင်းဆိုမှုတွေ အမျိုးမျိုး ပြုလုပ်ခဲ့ပါတယ်။ စက်ရုံနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့လည်း ဖမ်းဆီးခံထားရ သလို အိုးဘိုအကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေကြရတာပါ။ တချို့လည်း ဖမ်းဝရမ်းထုတ်ခံထားရပါတယ်။

ဒီလိုဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တယ်ဆိုပြီး ဖမ်းဆီးထားရာမှာ ဒေသခံ ရွာသားတစ်ဦး အကျဉ်းထောင်အတွင်းမှာ သေဆုံးခဲ့တဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

ဒီစက်ရုံဟာ တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူတည်ဆောက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နေ့ကို တန် ၅၀၀၀ ထွက်ရှိမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။