နှစ်နှစ်နီးပါးဖမ်းခံထားရတဲ့ လက္ကာရွာသား ၂၂ ဦး လွှတ်ပေးဖို့ တောင်းဆို

2021-03-15
Share
နှစ်နှစ်နီးပါးဖမ်းခံထားရတဲ့ လက္ကာရွာသား ၂၂ ဦး လွှတ်ပေးဖို့ တောင်းဆို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေတရားရုံးမှာ ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့က ရုံးထုတ်စဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားတဲ့ ကျေးရွာသား ၂၂ ဦးကို ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ စစ်တွေခရိုင်တရားရုံးမှာ သူတို့ကို ရုံးထုတ်စစ်ဆေးအပြီးမှာ မိသားစုဝင်တွေက တောင်းဆိုလိုက်တာပါ။

ဖမ်းဆီးခံထားရတဲ့ အသက် ၃၇ နှစ်အရွယ် ဦးခင်မောင်စိုးရဲ့အမျိုးသမီးဖြစ်သူ ဒေါ်သိမ်းမယဉ်က အမျိုးသား မရှိတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေရပြီး စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်လာတာ ကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတာလို့ ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက်နေ့က ကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်အပြီးမှာ တပ်မတော်စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခံလိုက်ရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီနောက် သူတို့ကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေတပ်နယ်က ဗိုလ်ကြီး ထင်လင်းနဲ့ အမှတ် ၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၂ (၁) နဲ့ စစ်တွေခရိုင် တရားရုံးမှာ တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သူ့တို့ကို အပြစ်မရှိဘဲ ဖမ်းဆီးတရားစွဲထားတာ အချိန်တွေလည်းကြာလာပြီဖြစ်သလို သူတို့နဲ့ဆက်စပ်တယ်လို့ စွပ်စွဲထားတဲ့ ရက္ခိုင့်တပ်တော် (AA) ကိုလည်း အကြမ်းဖက်အုပ်စုစာရင်းကနေ ပယ်ဖျက်လိုက်ပြီ ဖြစ်တာ ကြောင့် အခုလိုလွှတ်ပေးဖို့ တောင်းဆိုတာလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွတ်တော်ရှေ့နေ ဦးအောင်စစ်မင်း ကတော့ နိုင်ငံတော် ကောင်စီကနေ အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲထားတဲ့အမှုတွေ မြန်မြန်ဆန်ဆန်ပြီးနိုင်ဖို့ ညွှန်ကြားထားပြီး အခုလက်ရှိ သူတို့ကိုလည်း တစ်ပတ်မှာနှစ်ကြိမ် ရုံးချိန်းစစ်ဆေးနေပြီလို့ ပြောပါတယ်။

ဒါပေမဲ့ အခုတလော တရားရုံးတွေမှာ အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်ပြီး အမိန့်ချတာတွေကို ခေတ္တ ဆိုင်းပေးဖို့ ညွှန်ကြားထားတယ်လို့ ကြားသိရပြီး အမိန့်ချတာကို စောင့်နေရတယ်လို့လည်း ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်က ပြောပါတယ်။

အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲထားတဲ့အမှုတွေကို နိုင်ငံတော်ကောင်စီကနေ ရုပ်သိမ်းသွားမယ်လို့ ပြောဆိုနေတာတွေကိုလည်း ကြားနေရကြောင်း ရှေ့နေ ဦးအောင်စစ်မင်းက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေကောင်စီဝင် ဗိုလ်မှူးကြီး မင်းသန်းကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်သာအတည်ဖြစ်ပြီး သူ့တို့ကို အမှုရုပ်သိမ်းဖို့ ကိစ္စကိုတော့ သေချာမသိသေးဘူးလို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း AA နဲ့ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံထားရသူ ၂၀၂၀ ခုနှစ် သြဂုတ်လအထိ ၂၇၆ ဦးရှိတယ်လို့ ရခိုင်အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့