ရခိုင်မှာ အပစ်ရပ်ကြေညာဖို့နဲ့ စားပွဲဝိုင်းဆွေးနွေးဖို့ တောင်းဆို

2019-05-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်မှာ အပစ်ရပ်ကြေညာဖို့နဲ့ စားပွဲဝိုင်းဆွေးနွေးဖို့ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက စစ်တွေမြို့မှာ ၂၀၁၉၊ မေ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
ရခိုင်မှာ အပစ်ရပ်ကြေညာဖို့နဲ့ စားပွဲဝိုင်းဆွေးနွေးဖို့ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက စစ်တွေမြို့မှာ ၂၀၁၉၊ မေ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်
Photo: Min Thein Aung/ RFA

တပ်မတော်ရဲ့ အပစ်ရပ်နယ်မြေတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထည့်သွင်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို့ စစ်တွေမြို့က သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက နိုင်ငံတော် သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သံဃာတော်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံတွေက စစ်တွေမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံတော်အကြီးအကဲတွေကို အချက် လေးချက် တောင်းဆိုဖို့ ဆုံးဖြတ်လိုက်တာပါ။

မြန်မာ့တပ်မတော်အနေနဲ့ အပစ်အခတ် ရပ်ဆိုင်းထားတဲ့နယ်မြေတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကို ထည့်သွင်းပြီး ပြဿနာကိုစစ်ရေးနဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာဖို့၊ စစ်ဘေးဒုက္ခသည် တွေနေရပ်ပြန်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးဖို့၊ စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အစိုးရက တာဝန်ယူပြီး ပံ့ပိုးပေးဖို့နဲ့ အခြားအလှူရှင်တွေကိုလည်း လွတ်လပ်စွာသွားလာပံ့ပိုးခွင့်ပြုဖို့၊ သမီးလှ၊ မင်းဖူး၊ လက္ကာ၊ မြောက်ဦး၊ ပန်းမြောင်း၊ အောက်သားကန်၊ ကျောက်တန်းစတဲ့ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမျိုး နောက်ထပ်မဖြစ်စေဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို မကြာခင်မှာ နိုင်ငံတော် အကြီးအကဲတွေထံ စာပေးပို့တောင်းဆိုသွားမှာဖြစ်သလို ထူးခြားမှုမရှိရင် ဆန္ဒပြတောင်းဆိုမှုတွေလို လှုပ်ရှားမှုတွေနဲ့ ဆက်လက်တောင်းဆိုသွားမယ်လို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

သံဃာတော်တွေဟာ မကြာသေးခင်က ပစ်ခတ်မှုဖြစ်လို့ ရွာသားတွေ သေဆုံးခဲ့ရတဲ့ ကျောက်တန်းကျေးရွာကို မနေ့က ကြွရောက်ခဲ့ကြပြီး စစ်ဆေးခံနေရတဲ့သူတွေကို နှိပ်စက်ညှဉ်းပန်းတာတွေမလုပ်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့၊ ကျေးရွာအတွင်းကို အဝင်အထွက် ပိတ်ပင်ထားတာကြောင့် ရွာသားတွေဟာ စားဝတ်နေရေးခက်ခဲနေကြတဲ့အတွက် လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ စတာတွေကို ကျောက်တန်းကျေးရွာမှာ စစ်ဆေးရေးဆောင်ရွက်နေတဲ့ တပ်တော်အရာရှိကို မေတ္တာရပ်ခံခဲ့တယ်လို့ ဆရာတော်တွေက RFA ကို မိန့်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့