အောင်တံခွန်ရေယာဉ် နစ်မြုပ်မှု ရှာဖွေကယ်ဆယ်ရေး ခက်ခဲနေ

0:00 / 0:00

ရခိုင်ပြည်နယ် ရေယာဉ်နစ်မြုပ်တဲ့နေရာမှာ ရေစီး သန်နေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းတွေ နှောင့်နှေးနေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် နောင်တော်မြစ်အတွင်း မှာ သောကြာနေ့ညက နစ်မြုပ်ခဲ့တဲ့ အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြုပ်တဲ့နေရာမှာ ရှာဖွေကယ် ဆယ်ရေးသမားတွေ က ဒီနေ့ ကလေးငယ်တစ်ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ရေယာဉ်ရဲ့ လူနေ အခန်းတွေထဲမှာ ပိတ်မိနေတဲ့ အလောင်းတွေ ရှိနေသေး တယ်လို့ သိရပါတယ်။

ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေက ရေယာဉ်အတွင်း ထဲက အလောင်းတွေကို ဆယ်ယူရအောင် ရေငုပ်ယူ ဖို့ ပြင်ဆင်နေတယ်လို့ သင်္ဘောနစ်မြုပ်တဲ့နေရာအနီးမှာ ရှိတဲ့ ငပသုန်ရွာခံ ဦးသိန်းထွန်းက ပြောပါတယ်။

"နောက်ဆုံးအခြေအနေကတော့ ကလေးအလောင်း တစ်လောင်းပဲရသေးတယ်၊ ကျနော်တို့သဘောၤမြုပ် တဲ့နေရာအနီးအနားကရတာ၊ ဆယ်တာကတော့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆယ် တာ၊ ရေအောက်ကနေအလောင်းတွေ ဆယ်ယူဖို့ ပြင်နေတယ်၊ ရေငုပ်ပြီးတော့ ၁၀၀ ကျော်ကျော်လောက်သေမယ်ထင်တယ်၊ သဘောၤဝမ်းဗိုက်ထဲကလူတွေရော၊ အခန်းရှေ့မှာရှိတဲ့ လူတွေရော၊ တစ်ယောက်မှ မရသေးဘူး"

အဲ့ဒီ ခရီးသည်တင်ရေယာဉ်ဟာ တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ခုတ်မောင်း လာရာမှာ ရခိုင်ပြည်နယ် အစိုးရဖွဲ့က အဲ့ဒီရေယာဉ်ပေါ်မှာ လူပေါင်း ၂၀၀ ကျော် လိုက်ပါသွားပြီး မနေ့ကအထိ အသက်ရှင်သူ ၁၆၈ ဦးနဲ့ သေဆုံးသူ ၃၄ ဦးရှိတယ်လို့ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို အစိုးရအစီအစဉ်နဲ့ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ စစ်တွေမြို့တွေကို မနေ့က ပို့ဆောင်ပေးခဲ့သလို သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း မနေ့ညက ကျောက် ဖြူမြို့ကို ပို့ဆောင် ထားပါတယ်။

ဒီရေယာဉ်နစ်မြုပ်တဲ့ဖြစ်စဉ်အမှန်ကို စုံစမ်းဖော်ထုတ်ဖို့အတွက် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန ပြည်နယ်ဝန်ကြီး ဦးကိုကိုနိုင် ဥက္ကဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ဖွဲ့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် က မနေ့က ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ပါတယ်။

စုံစမ်းရေးအဖွဲ့အနေနဲ့ လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာ တင်သွင်းရ မှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့အနီး နောင်တော်မြစ်အတွင်း အောင်တံခွန် (၃) ခရီးသည်တင် ရေယာဉ် နစ်မြုပ်မှု နဲ့ ပတ်သက်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူး ဦးထင်ကျော်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။