ဦးစခုန်တိန့်ယိန်းနယ်ထဲက ဘိန်းဧက ၂ဝဝဝ ခန့်ကို ဒေသခံတွေ သွားရောက်ဖျက်ဆီးမည်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကချင်အထူးဒေသ(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စခုန်တိန့်ယိန်း ရဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဘိန်းစိုက်ခင်းဧကပေါင်း ၂၀၀၀ လောက်ကို ဒေသခံတစ်ထောင်ကျော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ဝင်တွေက မနက်ဖြန်မှာ သွားရောက်ဖျက်စီးကြမယ်လို့ သိရပါတယ်။

ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးမယ့်သူတွေထဲမှာ ပါဝင်တဲ့ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဒေသခံ ဦးလာရစ် က သူတို့အစီအစဉ်ကို အခုလို ပြောပါတယ်။

"ကျနော်တို့က လူတစ်ထောင်ကျော်နဲ့ ဖျက်ဆီးဖို့ မနက်ဖြန် ၉ နာရီလောက်ဆိုသွားတော့မှာ၊ ဘယ်သူပဲတားတား ဘာပဲလုပ်လုပ်ပေါ့၊ ကျနော်တို့က ရှင်းစရာရှိတာ ရှင်းသွားရမှာပဲလေ၊ ရဲသားအယောက် ၅ဝ လောက် လွှတ်ပေးမယ်လို့ပြောတာပါ၊ ပြီးတော့ အုပ်ချုပ်ရေးကလူကြီးတွေ ကူညီမယ်လို့ပြောတယ်ခင်ဗျ"

ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်စီးမယ့် အဖွဲ့ရဲ့ကိုယ်စားလှယ်တွေဟာ ကချင်ပြည်နယ်အစိုးရနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်နဲ့ အုပ်ချုပ်ရေးအရာရှိတွေဟာ လုံခြုံရေးအနေနဲ့ လိုက်ပါကြမှာ ဖြစ်ပါတယ်။

အဲ့ဒီ ဘိန်းစိုက်ခင်းရှိတဲ့နေရာတွေဟာ ဝိုင်းမော်မြို့နယ်ထဲက စဒုံး၊ ကန်ပိုက်တီး၊ ချီဗွေ၊ ပန်ဝါ စတဲ့နေရာတွေ က တောင်တန်းတွေမှာ စိုက်ပျိုးထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ၂ ပတ်လောက်ကလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကန်ပိုက်တီးမြို့နယ်အတွင်းက ဘိန်းစိုက်ခင်းအတော်များများကို ဖျက်ဆီးခဲ့ကြပါတယ်။

မနက်ဖြန် ဘိန်းခင်းတွေဖျက်စီးမယ့်အဖွဲ့ထဲမှာ ဒေသတွင်းက ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။