မြစ်ဆုံဒေသခံတွေက စီမံကိန်းမစလိုကြောင်း ကန့်ကွက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ ရွာသားတွေနဲ့ အောင်မြင်သာကျေးရွာမှာ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားချိန်မှာ ရွာသားတွေက " မြစ်ဆုံရေကာတာ အလိုမရှိ" ဆိုတဲ့ ပိုစတာတွေကပ်ပြီး ကန့်ကွက်ကြပါတယ်။

ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်ဆောင်ရွက်မှာကို ကန့်ကွက်ကြောင်း သံအမတ်ကြီးကို သိစေလိုတဲ့အတွက် လုပ်တာဖြစ်တယ်လို့ မြစ်ဆုံအရေး လှုပ်ရှားနေသူဖြစ်တဲ့ တန်ဖရဲရွာသူ ဒေါ်ဂျာခေါန် က ပြောပါတယ်။

"တရုတ်သံအမတ်ကြီးနဲ့ CPI က အယောက် ၄ဝ အောင်မြင်သာရွာမှာလာမယ်လို့ သတင်းကြားရတယ်၊ အဲ့ဒီတော့ သူတို့ CPI ကလာတယ်ဆိုတော့ ကျမတို့ မြစ်ဆုံပေါ့လေ ကျမတို့ဒေသနဲ့ပတ်သက်ပြီးမှပေါ့ စီမံကိန်းပြန်လုပ်မယ်လို့ ကျမတို့ကထင်တယ်၊ နောက်ပြီး စိုးရိမ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒီစာသားကို ကပ်ရခြင်းဖြစ်ပါတယ်၊ အခုလည်းသူတို့ ဖွံ့ဖြိုးရေးဆိုပြီး လာရင်ဆိုရင်တော့ ကျမတို့က ဖွံ့ဖြိုးရေးဆိုရင် အရမ်းကြောက်တယ်၊ စီမံကိန်းကြောင့်မို့ပေါ့နော် သူတို့ဒီမှာလာရခြင်းပဲဖြစ်တယ်လို့ပဲ ကျမတို့ယူဆပါတယ်ရှင့်၊ ဒီမြစ်ဆုံစီမံကိန်းကို နဂိုကတည်းကလည်း ကန့်ကွက်တယ် အခုလည်း ကန့်ကွက်တယ်ပေါ့နော်"

တရုတ်နိုင်ငံ CPI ကုမ္ပဏီရဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ မြစ်ဆုံ၊ လဖျဲ့ကထောင် စတဲ့ရွာတွေ က ဒေသခံ အယောက်နှစ်ထောင်လောက်ဟာ အောင်မြင်သာကျေးရွာမှာ အဓမ္မပြောင်းရွှေ့ခံထားရတာဖြစ် ပါတယ်။

တရုတ်သံအမတ်ကြီး Mr. Hong Liang နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ကမြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီး ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေး နွေးခဲ့တာပါ။

အစိုးရသစ်လက်ထက်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ်ကိစ္စ၊ ငြိမ်းချမ်းရေး နဲ့ မူးယစ်ဆေးဝါးပြဿနာတွေ အပါအဝင် မြစ်ဆုံစီမံကိန်းကိစ္စတွေကို သံအမတ်ကြီးက ဆွေးနွေးခဲ့ပြီး မြစ် ဆုံရေကာတာစီမံကိန်းဘက်ကို သွားရောက်လေ့လာနေတာပါ။

သံအမတ်ကြီးရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ကချင်ပြည်နယ်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးမှာ အရေးကြီး တဲ့ ပြည်နယ်ဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေတွေကို လာရောက်လေ့လာတာဖြစ်ကြောင်း တရုတ်နိုင်ငံ Xinhua သတင်းဌာန ရေးသားထားပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ငါးနှစ်ကြာ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။