ရွှေပြည်သာမှာ အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခန့်အပ်ပေးဖို့ တောင်းဆိုဆန္ဒပြ
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ဒ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟာ အများပြည်သူပိုင် မြေကွက်တွေကို ရောင်းစားနေတဲ့အတွက် သူ့ကိုတာဝန်ကနေ ဖယ်ရှားပြီး အသစ်ပြန်လည်ရွေးချယ် ခန့်အပ်ပေးဖို့ ရပ်ကွက်သူ/ရပ်ကွက်သား ၂၀၀ လောက်က ဒီနေ့ ရပ်ကွက်အတွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-02-05 -
-
-
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (ဒ) ရပ်ကွက်က အုပ်ချုပ်ရေးမှူးဟာ အများပြည်သူပိုင် မြေကွက်တွေ ကို ရောင်းစားနေတဲ့အတွက် သူ့ကိုတာဝန်ကနေ ဖယ်ရှားပြီး အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ပေးဖို့ ရပ်ကွက်သူ/ရပ်ကွက်သား ၂၀၀ လောက်က ဒီနေ့ ရပ်ကွက်အတွင်းမှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
မြေကွက်ရောင်းစားတာအပြင် လူမိုက်တွေကို ဧည့်စာရင်းစစ်ခိုင်းတာတွေ ငွေကြေးတောင်းခံတာတွေ လုပ်နေတာကြောင့် အသစ်ရွေးချယ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးဖြစ်သူ ဦးကိုကိုနိုင်က ပြောပါတယ်။
"အမကကျောင်းမြေ အပိုင်း ၁ ထဲမှာ မြေကွက်တွေကို ရောင်းစားထားတယ်၊ သူ့ရောင်းစားတာ မဟုတ်ဘူး၊ ကြိုက်တဲ့နေရာမှာတိုင် မင်းတို့ကြိုက်သလိုလုပ် ငါကလက်မှတ်ထိုးပေးထားတာ မရှိဘူးဆိုတဲ့စကားပြောတယ်၊ မိုက်ကြေးခွဲတယ် ပိုက်ဆံတောင်းတယ်၊ ဧည့်စာရင်းစစ်တာ လူမိုက်ကစစ်တယ်၊ ရာအိမ်မှူးမပါဘူး အုပ်ချုပ်ရေးမှူးမပါဘူး မီးသတ်မပါဘူး၊ အဲ့တော့ တရားဥပဒေမဲ့ပြုကျင့်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို လုံးဝလက်မခံနိုင်တာကြောင့် ကျနော်တို့ ပြုပြင်ပြောင်းလဲရေးအသစ်ကို လိုအပ်ပါတယ်၊ အဲ့ဒါကြောင့် ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်"
ရပ်ကွက်သူ/ရပ်ကွက်သားတွေဟာ ဆန္ဒပြခွင့်ရဖို့ခွင့်ပြုချက် တောင်းခံပေမယ့် မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုမိန့်မပေးခဲ့ဘဲ ဆန္ဒပြသူတွေကို တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ ရပ်ကွက်ပေါင်း ၂၇ရပ်ကွက်ရှိပြီး (ဒ)ရပ်ကွက်မှာ အိမ်ထောင်စု ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။