ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အယူခံတင်ထားတာကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဧပြီလ ၂၃ရက်နေ့ အင်္ဂါနေ့မှာ အမိန့်ချ မှာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ဥပဒေရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမှုစာရင်းမှာလည်း လာမယ့် ဧပြီလ ၂၃ရက်နေ့ နံနက ်၉နာရီ ၃၀မိနစ်မှာ ဒီအမှုကို နှစ်ဦးထိုင်၊ တရားသူကြီးရုံးက အမိန့်ချမှတ်မှာဖြစ်တယ်လို့ စာရင်း ထုတ်ပြန်ထားပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေ လက်ဝယ်တွေ့ရှိလို့ဆိုပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖမ်းဆီးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က အယူခံကို ရန်ကုန်တိုင်း တရားလွှတ်တော်က ပယ်ချလိုက်တာကြောင့် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်လက် အယူခံဝင်ထားတာဖြစ်ပါတယ်။
သတင်းထောက်နှစ်ဦးဟာ ရိုက်တာ သတင်းသမားများနဲ့အတူ ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတကာ သတင်းပေးပို့ချက်ဆိုင်ရာ ပူလစ်ဇာဆုကို ရရှိထားသလို Time မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၁၈ခုနှစ်အတွက် အကျော်အမော်ပုဂ္ဂိုလ်စာရင်းမှာလည်း ပါဝင်ပါတယ်။
