နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့အမှုကို လာမယ့် အင်္ဂါနေ့မှာ စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။
သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားတာ တစ်နှစ်နဲ့ လေးလကျော်ရှိပြီဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ လက်ဝယ်တွေ့ရှိတဲ့အတွက် ဖမ်းဆီးတရားစွဲဆိုခံရတာဖြစ်ကြောင်း အစိုးရက ပြောဆိုပါတယ်။ သူတို့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးခင်မောင်ဇော်ကတော့ ဒီအမှုမှာ ရာဇဝတ်မှုမြောက်တယ်လို့ဆိုနိုင်တဲ့ သက်သေတစ်စုံတစ်ရာ မတွေ့ရဘဲ၊ ရဲက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အထောက်အထားသာ တွေ့ရှိရကြောင်း ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သူတို့နှစ်ဦး နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာဆု ချီးမြှင့်ခံခဲ့ရပါတယ်။
