ရိုက်တာ သတင်းထောက် ၂ ယောက်အမှုအယူခံ တိုင်းတရားလွှတ်တော် ပယ်ချ

2019-01-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းနဲ့ ကိုဝလုံးရဲ့ ဇနီး မပန်းအိ တို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့မှာ တွေ့ရစဉ်
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးရဲ့ ဇနီး မချစ်စုဝင်းနဲ့ ကိုဝလုံးရဲ့ ဇနီး မပန်းအိ တို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးရှေ့မှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်၂ ယောက်ရဲ့ အမှုအယူခံကို ဒီကနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးက ပယ်ချလိုက်ပါတယ်။

အမှုကိုပယ်ချရတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော် တရားသူကြီး ဦးအောင်နိုင်က သတင်းထောက် ၂ ဦးမှာ ရက္ခိုင့်တပ်မတော် (AA) ကဖုန်းနံပါတ်တွေရှိနေတာ၊ သတင်းသမား ၂ ဦးဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့မညီတာနဲ့ ထောင်ခြောင်ဆင်ဖမ်းဆီးခံရတယ်ဆိုတာကို သက်သေမပြနိုင်တာတွေကြောင့် အမှုကို ပယ်ချရတာဖြစ်ကြောင်း ပြောပါတယ်။

သတင်းထောက်တွေရဲ့ ရှေ့နေတွေကတော့ ခရိုင်ရုံးနဲ့ တိုင်းရုံး ဆုံးဖြတ်ချက်တွေဟာ တူနေကြောင်း တရားလိုဖက် က လုံလောက်တဲ့ သက်သေအထောက်ထား မပြနိုင်ကြောင်း ပြောပါတယ်။

ဒီကနေ့ တရားရုံးကို ပြည်တွင်း၊ ပြည်ပက သတင်းသမားတွေ၊ နိုင်ငံတကာသံတမန်တွေ အပါဝင် လာရောက်လေ့ လာစောင့်ကြည့်သူ ၅၀ ကျော်ရှိခဲ့ပါတယ်။

ရိုက်တာ သတင်းထောက်၂ ယောက်အမှုကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာကို မိသားစုဝင်တွေနဲ့ ရှေ့နေတွေက တိုင်းတရားရုံးကို အယူခံ လျှောက်ထားရာမှာ တိုင်းတရားရုံးက အယူခံကို ပယ်ချလိုက်ထာဖြစ်ပါတယ်။

အယူခံပယ်ရတဲ့ အကြောင်းရင်းကို ပြောဆိုရာမှာ သတင်းထောက်တွေရဲ့ ဖုန်းထဲမှာ ရက္ခိုင့်တပ်မတော် (AA) က ဖုန်းနံပါတ်တွေရှိနေတယ်ဆိုတဲ့ အကြောင်းရာကို တရာသူကြီး ဦးအောင်နိုင်က ထပ်ခါထပ်ခါပြောကြားခဲ့ပေမယ့် မူလက စွဲချက်ဖြစ်တဲ့ ရဲလျှို့ဝှက်စာရွက်စာတမ်းတွေ တွေ့ရှိလို့ဆိုပြီး နိုင်ငံတော် လျို့ဝှက်အက်ဥပဒေနဲ့ စွဲခဲ့တဲ့အကြောင်းကိုတော့ တစ်ခွန်းလောက်သာ ထည့်သွင်းပြောသွားခဲ့ပါတယ်။

အဲဒီအပေါ်ကို ရိုက်တာ သတင်းထောက်၂ ဦးရဲ့ရှေ့နေဖြစ်သူ ဦးသန်းဇော်အောင်က ဒီကနေ့အယူခံ အမိန့်ချအပြီးမှာ တရားလိုရှေ့နေဖက်က မူလစီရင်ချက်နဲ့ပတ်သက်လို့ သက်သေမပြနိုင်တဲ့ အကြောင်းရာတွေကို အခုလို ပြောပါတယ်။

"၀လုံးတို့ ဖုန်းစာအုပ်ထဲက ဖုန်းနံပါတ်တွေဟာ AA ရဲ့ ဖုန်းနံပါတ်တွေပါလို့ တရားလိုတွေဖက်က ဘယ်သူမှ သက်သေမပြနိုင်ပါဘူး"

တရားသူကြီး ဦးအောင်နိုင်က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ရိုဟင်ဂျာ မွတ်စလင် ၁၀ ဦး အသတ်ဖြတ်ခံရတာကို ဖော်ထုတ်ရေးသားရာမှာ သတင်းမီဒီယာ ကျင့်ဝတ်နဲ့မညီဘူးလို့ဆိုပြီး တရားခွင်မှာ ပြောကြားခဲ့ပါတယ်။

ဒီသတင်းထောက်တွေအမှုကို အမြဲသတင်းရယူနေတဲ့ ဖရန်တီးယားသတင်းဌာနကကို ကိုရီမွန်ထွန်းက တရားသူကြီးရဲ့ ပြောကြားချက်ကို အခုလို မှတ်ချက်ပြုပါတယ်။

"ပြီးခဲ့တဲ့ အောက်ရုံးမှာလည်း တရားသူကြီးက သတင်းမီဒီယာကျင့်ဝတ်နဲ့ ပတ်သက်ပြီးတော့ပြောတယ်၊ အကြီးကြီးတော့လွဲနေပြီ၊ အခုလည်း အပေါ်ရုံးက ဒီလိုထပ်ပြောတယ်၊ အဲဒါကြောင့် တရားသူကြီးတွေအနေနဲ့ သတင်းမီဒီယာကျင့်ဝတ်ကို နားလည်အောင်ဖတ်ထားသင့်ပြီ၊ ကိုဝလုံး သတင်းရယူတာဟာ သတင်းသမားအလုပ်လုပ်တာ ကျင့်ဝတ်ဖောက်တာမရှိဘူး"

ဒီကနေ့ အယူခံအမိန့်ချအပြီးမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့မိခင် ရိုက်တာ သတင်းဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြောညာချက်ထဲမှာ ဒီနေ့ တရားရုံးရဲ့ စီရင်ချက်ဟာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ခံစားရင်ဆိုင်နေရတဲ့ တရားမမျှတမှုတွေထဲက နောက်ထပ် အထောက်အထားတစ်ခုပဲဖြစ်ကြောင်း သူတို့ အကျဉ်းထောင်ကျနေရတာဟာ အကြောင်းရင်းတစ်ခုသာရှိပါကြောင်းနဲ့ အဲဒီအကြောင်းရင်းကတော့ အာဏာလက်ဝယ်ရထားသူတွေက အမှန်တရားကို နှုတ်ဆိတ်သွားစေဖို့ လုပ်ဆောင်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သတင်းဖော်ထုတ်ရေးသားတင်ပြတာဟာ ပြစ်မှုမဟုတ်ပါကြောင်း မြန်မာနိုင်ငံအနေနဲ့ ဒီကြောက်စရာကောင်းတဲ့ အမှားကြီးကို မပြင်နိုင်သေးသရွေ့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းတွေဟာ ဘယ်တော့မှာ လွတ်လပ်မှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံက ပြောနေတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီထွန်းကားရေး ဆိုတာတွေကလည်း သံသယဖြစ်စရာအခြေအနေမှာပဲ ရှိနေဦးမှာဖြစ်ပါတယ်လို့ ရေးသားထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးနဲ့ ဇနီးသည်တွေက အခုချိန်ထိ သူတို့ပြန်လွတ်မယ်လို့ ယုံကြည်ထားကြောင်းနဲ့ ဒီကနေ့ အိမ်ကိုအတူပြန်မယ်လို့ မျှော်လင့်ထားခဲ့တာလို့ ပြောပါတယ်။

"စိတ်မကောင်းဖြစ်မိတယ်၊ သူတို့ လွတ်မယ်လို့ မျှော်လင့်ထားတာ၊ ဒီနေ့ ထောင်ရှေ့မှာ သူတို့ကို သွားကြိုမယ်၊ အိမ်ကို အတူတူပြန်မယ်လို့ မျှော်လင့်ထားတာ၊ ဒီကနေ့အထိ သူတို့ လွတ်မြောက်မယ် ယုံကြည်ထားတယ်"

တရားသူကြီး ဦးအောင်နိုင်ရဲ့ ပြောကြားချက်တွေထဲမှာလည်း သတင်းသမား၂ ဦး အောင်သပြေစစ်ကြောရေးမှာ နှိပ်စက်ခံရတယ်ဆိုတာ သက်သေမပြနိုင်ကြောင်းနဲ့ ထောင်ဒဏ် ၁၄ နှစ်ကျနိုင်တဲ့အမှုကို မြောက်ပိုင်းခရိုင်တရားရုံးက ချမှတ်လိုက်တဲ့ထောင်ဒဏ် ၇ နှစ်ဟာ သင့်မြတ်ကြောင်း တရားခွင်မှာ ပြောပါတယ်။

ဒီကနေ့ အယူခံအမိန့်ချတာကို နိုင်ငံတကာ သံတမန်တွေ လာရောက်နားထောင်ကြတဲ့အထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီးလည်း ပါဝင်ပါတယ်။

ဒီကနေ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် စိုးရိမ်ပူပန်ကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt ပြောပါတယ်။

"ဒါဟာ မြန်မာတရားရုံးအတွက် မှားယွင်းစွာဆုံးဖြတ်ခဲ့တာကို ပြန်ပြန်ဖို့အတွက် ဆုံးရှုံးသွားတဲ့ အခွင့်အရေးတရပ်ပါပဲ။ EU အနေနဲ့ အလွန်စိတ်ပျက်ရပါတယ်။ ဒီနေ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက်လည်း အလွန်စိုးရိမ်စရာဖြစ်စေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက တရားစီရင်ရေး လွတ်လပ်မှုအပေါ်မှာလည်း သံသယဖြစ်စေပါတယ်။ နိုင်ငံတော်သမ္မတကြီးကို ဒီမှားနေတဲ့ တရားစီရင်မှုကို ပြင်ပေးဖို့ မိမိတို့အနေနဲ့ အခုအချိန်မှာ တောင်းဆိုပါတယ်။ EU အနေနဲ့ အမှုအစကတည်းက အတိုင်းပဲ ဒီအမှုနောက်ဆက်တွဲ အခြေအနေကို ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်လို့ သံအမတ်ကြီးက ပြောသွားတာဖြစ်ပါတယ်"

အမှုအတွက်ဆက်လက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ရုံးမှာ အယူခံဆက်ဝင်မယ်ဆိုပါက ရက်ပေါင်း ၆၀ အတွင်း အယူခံကို တင်ရမှာဖြစ်ပါတယ်။

အဲဒီလို ဆက်လက်ပြီး အယူခံတင်မတင်ကို သတင်းထောက်တွေရဲ့ မိသားစုတွေနဲ့ ရှေ့နေတွေ တိုင်ပင်ကြမယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုကျော်ဇောဝင်းတို့ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့