ပြည်တွင်းစျေးနှုန်းမြင့်တက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ပြည်ပဆန်တင်ပို့တာကို ဒီလကုန်ကစပြီး ကန့်သတ်ဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်တစ်ဦးက ရိုက်တာသတင်းကို မနေ့က ပြောလိုက်ပါတယ်။ အခု သြဂုတ်လကုန်စပြီး ၄၅ ရက်ကြာ ယာယီကန့်သတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်စျေးနှုန်း မြင့်တက်နေတာဟာ ဝိသမ လောဘရှိတဲ့ ကုန်သည်တွေရဲ့ စျေးကစားမှုကြောင့်သာ ဖြစ်ကြောင်း ဩဂုတ်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောခဲ့ပါတယ်။
NLD အစိုးရလက်ထက် ၂ဝ၂ဝ ခုနှစ် ဩဂုတ်လက အခြေခံလူတန်းစားတွေ စားသုံးတဲ့ မနောသုခ ဆန်တစ်ပြည်ရဲ့ တန်ဖိုးဟာ ၁၂ဝဝ ကျပ်သာရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ၃၈ဝဝ ကျပ်ထိ မြင့်တက်နေသလို၊ အမေရိကန် တစ်ဒေါ်လာ တန်ဖိုးဟာလည်း ၁၅ဝဝ ကျပ်ကနေ လက်ရှိအချိန်မှာတော့ ၃၆ဝဝ ကျပ်ကျော် ဈေးပေါက်နေတာပါ။
မြန်မာနိုင်ငံမှာ ပြည်ပကို ဆန်တင်ပို့နေတဲ့ ကုမ္ပဏီ ၃၅ ခု ရှိပြီး၊ ၂ဝ၂၃ ဇူလိုင်လက ဆန်နဲ့ ဆန်ကွဲ တန်ချိန် ခြောက်သောင်းခွဲ ဝန်းကျင် ပြည်ပကို တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန် ထားပါတယ်။
အမေရိကန် စိုက်ပျိုးရေးဌာနကထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ပဉ္စမမြောက် ဆန်အများဆုံး တင်ပို့နေတဲ့ နိုင်ငံဖြစ်ပြီး တစ်နှစ်ကို တန်ချိန် နှစ်သန်းကျော် ပြည်ပကို တင်ပို့ရောင်းချနေရတယ်လို့ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာလည်း ပြည်တွင်းဆန်စျေးမြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လက ဘာစမာတီမဟုတ်တဲ့ ဆန် ပြည်ပ တင်ပို့တာကို တားမြစ်ခဲ့ပြီး ကမ္ဘာ့ဈေးကွက်အတွင်း တင်ပို့ပေးနေတဲ့ ဆန်၂ဝ ရာခိုင်နှုန်းခန့်ကို လျှော့ချခဲ့ပါတယ်။