အိန္ဒိယဆန်တင်ပို့မှုပိတ်၊ ထိုင်းနဲ့ဗီယက်နမ်မှာ ဆန်ဈေးတက်

အိန္ဒိယနိုင်ငံက ပြည်ပဆန်တင်ပို့မှု ပိတ်လိုက်တဲ့အတွက် ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေက ဆန်ကုန်သည်တွေက စာချုပ်အရ ပြည်ပတင်ပို့မယ့် ဆန်တန်ချိန် ငါးသိန်းခန့်ကို ညှိနှိုင်းပြီး ဈေးနှုန်းမြှင့်လိုက်တယ်လို့ စင်္ကာပူနိုင်ငံကလာတဲ့ သြဂုတ်လ ၁ ရက်နေ့ထုတ် ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

ဒီလိုဈေးညှိနှိုင်းသတ်မှတ်လိုက်တဲ့အတွက် အိန္ဒိယနိုင်ငံက မပိတ်ပင်ခင် ဆန်ပြည်ပတင်ပို့ဖို့ ကြိုဝယ် ထားတဲ့ ကုမ္ပဏီတွေအနေနဲ့ စပါးစိုက်တောင်သူတွေဟာ ကမ္ဘာ့ဆန်လိုအပ်ချက်ပိုများလာမယ့်အတွက် အကျိုးအမြတ်ပိုရလာနိုင်ပြီး ထိုင်းနဲ့ဗီယက်နမ်က ကြိုဝယ်ထားတဲ့ ကုမ္ပဏီတွေကတော့ နစ်နာဆုံးရှုံးနိုင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်း ဆန်စပါးထွက်နှုန်း မရေရာတဲ့အတွက် အိန္ဒိယနိုင်ငံဟာ ဇူလိုင်လကုန်မှာ ပြည်ပ ဆန်တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီး ဒီလိုပိတ်တဲ့အတွက် ဆန်ကို အဓိကအားထားစားသုံးကြတဲ့ အာရှနဲ့ အာဖရိကမှာ ဆန်ဈေး သိသိသာသာ တက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယက ဆန်ပို့ကုန်ပိတ်ပင်လိုက်အပြီး ဆန်ဈေးတွေ တက်သွားတဲ့အတွက် ဈေးသက်သက်သာသာနဲ့ စာချုပ်လိုအပ်ချက် ဖြည့်ဖို့ ဆန်တင်သွင်းသူတွေ အခက်တွေ့ကုန်တယ်လို့ စင်ကာပူအခြေစိုက် ဆန်ကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတွေဟာ ကမ္ဘာဆန်တင်ပို့မှုမှာ ဒုတိယနဲ့တတိယအများဆုံး နိုင်ငံတွေဖြစ်ပြီး သြဂုတ်လထဲမှာ ဆန်တန်ချိန် တစ်သန်းစီ ပြည်ပကို တင်ပို့ဖို့ ရည်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု ၄ဝ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။