စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကုလသမဂ္ဂ တာဝန်ဟု ပြောကြား

မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုတွေအပေါ် စုံစမ်း စစ်ဆေးရေးကိစ္စကို ကုလသမဂ္ဂကိုယ်တိုင် ဆောင်ရွက်မှ ဖြစ်တော့မယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK က ပြောလိုက်ပါတယ်။

2011.02.11
seven_july_london_305_z မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် ကျောင်းသားများ ပထမဆုံး သွေးမြေကျ သတ်ဖြတ် နှိမ်နင်းခံခဲ့ရသည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ကို ပြည်တွင်း ပြည်ပတွင် ပြုလုပ်ကြရာ ပုံမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀၁၀ ဇူလိုင် ၇ ရက်နေ့က ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: Courtesy of RFA Listener)
(Photo: Courtesy of RFA Listener)
မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားရေး၊ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက လူ့အခွင့်အရေး ကောင်စီမှာ သီးခြား အဆိုပြုချက်ပေါင်း ၁၉၀ တင်သွင်းခဲ့ပါတယ်။ အဲဒီထဲက အဆိုပြုချက် ၁၆ ခုကို မြန်မာစစ်အစိုးရက ပယ်ချခဲ့ပါတယ်။ အထူးသဖြင့် စစ်ရာဇဝတ်မှုတွေ၊ လူသားအဖြစ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အဆိုပြုချက်တွေကို ငြင်းပယ်ခဲ့တာပါ။

အဲဒါကြောင့် ဒီရာဇဝတ်မှုတွေအပေါ် စုံစမ်း စစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂကပဲ စုံစမ်း စစ်ဆေးရေး အဖွဲ့ ထူထောင်မှ ဖြစ်လိမ့်မယ်လို့ Burma Campaign UK ရဲ့စီမံဆောင်ရွက်ရေးမှူး မဇိုယာဖန်း က ပြောပါတယ်။

“ဒီကနေ့ပဲ ကျွန်မတို့ Burma Campaign UK က statement တစောင် ထုတ်ခဲ့ပါတယ်။ အဲဒါက နအဖ စစ်အာဏာရှင်ထဲကပေါ့နော်၊ ဒီ UN member states တွေက သူတို့ တောင်းဆိုလိုက်တဲ့ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပေါ့နော်၊ ပြီးတော့ စစ်ရာဇဝတ်မှုတွေ ဖြစ်နိုင်လောက်တဲ့အထိ ဖြစ်နေတဲ့ အခြေအနေကို စုံစမ်း စစ်ဆေးရေး လုပ်ဖို့ နအဖ စစ်အာဏာရှင်ဖက်က ပယ်ချလိုက်ပါတယ်။ အဲဒါကြောင့် UN ကိုယ်တိုင်ပေါ့နော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု သူတို့ကိုယ်တိုင် လုပ်ဆောင်ပြီးတော့ စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို သူတို့ ကိုယ်တိုင် စုံစမ်းမှပဲ ဖြစ်မယ်လို့ ကျွန်မတို့ မြင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးဆိုင်ရာ သီးခြား တောင်းဆိုချက် ၁၈ ချက်ကိုလည်း မသိကျိုးကျွံ ပြုခဲ့တဲ့အပြင်၊ မကြာခင် အသက်ဝင်တော့မဲ့ အခြေခံဥပဒေမှာလည်း စစ်အစိုးရအဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လွတ်ငြိမ်းခွင့်ပြုထား ပါတယ်။ အဲဒါကြောင့် မြန်မာစစ်အစိုးရရဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရေးတာဝန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ကျရောက်လာခဲ့ပြီ ဖြစ်တယ်လို့ Burma Campaign UK ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-02-11 16:38

very good people decition.