မလေးရှားကို လှေစီးထွက်လာတဲ့ ရိုဟင်ဂျာ အယောက် ၈ဝကျော် အဖမ်းခံရ

မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ လှေစီးထွက်လာတဲ့ ရိုဟင်ဂျာအယောက် ၈ဝ ကျော် မနေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကို သွားဖို့ထွက်လာရင်း မွန်ပြည်နယ် သံဖြူဇရပ်အရောက်မှာ အဖမ်းခံရတာလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံကို ပို့ပေးမယ်ဆိုပြီး ခေါ်လာတဲ့ ပွဲစားက လှေတစ်စီးနဲ့ သူတို့တွေကို ချန်ထားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အဖမ်းခံရတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါပါတယ်။ သူတို့ကို ဘယ်လိုအရေးယူထားလဲဆိုတာတော့ မသိရသေးပါဘူး။ အရင်ကဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လေ့ရှိပါတယ်။

ရိုဟင်ဂျာတွေဟာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရတာကြောင့် မကြာခဏ ဖမ်းဆီးခံနေရတာပါ။

စစ်အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာတွေ ဖမ်းဆီးခံရတာ ပိုဆိုးလာပြီး၊ အာဏာသိမ်းပြီးနောက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင်ချခံရတာ အခုဆိုရင် ၁၂ဝဝ နီးပါးရှိနေပြီလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက RFA ကိုပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ ဆက်ကျူးလွန်နေဆဲ ဖြစ်သလို ရိုဟင်ဂျာတွေ အပေါ်မှာရော၊ တခြားတိုင်းရင်းသားတွေ အပေါ်မှာပါ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက တာဝန်ခံရလိမ့်မယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။