မင်္ဂလာဒုံမြို့နယ်မှာ ရိုဟင်ဂျာကိုးဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် (၃) လမ်းမမှာ အောက်တိုဘာလ ၁၃ ရက် မနေ့ည ၈ နာရီခွဲအချိန်က ရိုဟင်ဂျာအမျိုးသားငါးဦးနဲ့ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့မရဲစခန်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကလည်း သတင်းရရှိလို့ သက်ဆိုင်ရာ အဖွဲ့အစည်းစုံနဲ့ ဖမ်းဆီးခဲ့တာလို့ RFA ကို အတည်ပြုပါတယ်။

“ဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ အရေအတွက်က အားလုံးမှန်ပါတယ်။ သတင်းကလည်း အမှန်ပဲ။ ဖမ်းတာတော့ အဖွဲ့ပေါင်းစုံနဲ့ဖမ်းတာလို့ပြောတယ်။ အဲသတင်းက အမှန်တော့ အတိအကျပဲ”

ကိုးဦးစလုံးကို ထောက်ကြန့် အမှတ် (၃) လမ်းမနဲ့ ပုလဲလမ်းဆုံအနီးမှာ တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ရခိုင်ပြည်နယ်ကနေ ပွဲစားတွေ ခေါ်ဆောင်လာတာလို့ မီဒီယာတွေအချို့မှာ ရေးသားကြပေမယ့် နေရာအတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

စစ်ကောင်စီဘက်ကတော့ နေရပ်စွန့်ခွာပြီး ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေကို အခုလိုပဲ ဖမ်းမိခဲ့ရင် ၁၉၄၉ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂)/ ၆(၃) တို့အရ ထောင်ဒဏ် နှစ်နှစ်နဲ့အထက် ချမှတ်လေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီး ကတည်းက အထောက်အထားမဲ့ ရွှေ့ပြောင်းသွားလာလို့ဆိုပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာ ၁၂ဝဝ နီးပါးရှိသလို အဲဒီအထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီး အများစု ပါဝင်နေပါတယ်။