သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၄၅ ဦးကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာ ရိုဟင်ဂျာ ၁၄၅ ဦးကို ဩဂုတ်လ ၁၁ ရက် မနေ့ မနက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လမ်းခင်းကျောက်သယ်တဲ့ ကားသုံးစီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာတွေကို သံဖြူဇရပ်နဲ့ ၁၄ မိုင်အကွာ ဝဲခမီကျေးရွာ၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာ မနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖမ်းဆီးခဲ့တာလို့ မွန်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။

"မနက် ၁၀ နာရီက သံဖြူဇရပ်ကထွက်တဲ့ လမ်းပေါ်မှာ ကျောက်သယ်ကားပေါ်ကမိတာ။ ၁၄၅ ယောက်။ ဘယ်ကလာလဲ ဘာလဲဆိုတာကတော့ စစ်ကြောရေးက လုပ်ကြတုန်းနေမှာပေါ့နော်"

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂၇ ဦးနဲ့ အမျိုးသမီး ၁၈ ဦး ပါဝင်ပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေကို သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်က မြို့နယ် အားကစားခန်းမမှာ စစ်ဆေးမေးမြန်းနေတယ်လို့ ဆိုပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ဘယ်ကနေလာပြီး ဘယ်ကိုသွားမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ဩဂုတ်လ ၇ ရက်နေ့လည်း ရိုဟင်ဂျာ ၅၅ ဦးလိုက်ပါလာတဲ့ စက်လှေတစ်စီးဟာ ရခိုင်ပြည်နယ်၊ စစ်တွေပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ စစ်ဆေးရေးဂိတ်မှာ ဇွန်လ ၁၉ ရက်နေ့က ရိုဟင်ဂျာခြောက်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတဲ့ ရိုဟင်ဂျာတွေဟာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ စွန့်စား ထွက်ခွာနေကြတာပါ။