ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်သွားလေ့လာမည်

ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး မြန်မာနိုင်ငံဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို လေ့လာဖို့ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်ထဲသွားဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောဆိုပါတယ်။

စက်တင်ဘာလထဲမှာ သွားကြည့်မှာဖြစ်ပြီး သူတို့အဖွဲ့ရဲ့တွေ့ရှိချက်တွေကို ရိုဟင်ဂျာတွေကို ပြန်တင်ပြသွားမှာဖြစ်သလို ရိုဟင်ဂျာတွေဘက်ကလည်း ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ဘက်ကတင်ပြရင် ပိုယုံကြည်နိုင်လိမ့်မယ်လို့ သူက ဒီကနေ့ သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြားလုပ်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေး ရှေ့ပြေးစီမံကိန်းကို စက်တင်ဘာလက စတင်အကောင်အထည်ဖော်ရင် သုံးလအချိန်ရမယ်လို့ ဝန်ကြီးကပြောပါတယ်။

ဒီနှစ် ဒီဇင်ဘာလမကုန်ခင် ဒီစီမံကိန်း ပြီးမြောက်နိုင်လားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းရာမှာတော့ "မျှော်လင့်ရပါတယ်" လို့သာ ပြန်ဖြေခဲ့ပါတယ်။

ရှေ့ပြေးစီမံကိန်းအဖြစ် ရိုဟင်ဂျာတစ်ထောင်ပြန်ပို့ဖို့ ကနဦး သဘောတူထားတယ်ဆိုပေမဲ့ လက်ရှိမြန်မာဘက်ကို ပြန်ပို့မယ့် ရိုဟင်ဂျာအယောက် သုံးထောင်ကျော်ရဲ့ စာရင်းပေးထားတယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့လည်း မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီသွားပြီး ရိုဟင်ဂျာတွေနဲ့ တွေ့ဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံတွင်းလက်ရှိအခြေအနေတွေဟာ လုံခြုံရေးမတည်ငြိမ်တာကြောင့် ပြန်ပို့ဖို့ မသင့်လျော်သေးဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းတချို့က ပြောဆိုနေပေမဲ့ ပြန်ချင်တဲ့သူတွေကိုသာ ပြန်ပို့ဖို့လုပ်နေတယ်လို့ ဝန်ကြီး Masud Bin Momenက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကတော့ ရိုဟင်ဂျာတွေ လွတ်လွတ်လပ်လပ် နေရပ်ပြန်ရဖို့၊ တခြားလူမျိုးစုတွေလိုပဲ လူမျိုးစုအဖြစ် အသိအမှတ်ပြုခံရဖို့၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အပြည့်အဝရဖို့ လိုလားကြောင်း ပြောထားပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် မွေးကင်းစ ကလေးငယ်တွေအပါအဝင် လူပေါင်း တစ်သောင်းလောက် သတ်ဖြတ်ခံခဲ့ရပြီး၊ လူပေါင်း ခုနစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။