ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဘင်္ဂလားပင်လယ်ပြင်မှာ လူ ၅၅ ဦးနဲ့ မလေးရှားကို ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာစက်လှေ တစ်စီး ဩဂုတ်လ ၇ ရက်နေ့က မိုးသက် လေပြင်းကြောင့် တိမ်းမှောက်ခဲ့ရာမှာ ဒီနေ့အထိ သေဆုံးသူ ၁၇ ဦးအထိရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် ပျောက်ဆုံးနေတဲ့ လူ ၃၀ ကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ စစ်တွေမြို့ အခြေစိုက် ရွှေရောင်မေတ္တာဖောင်ဒေရှင်းက ကိုဗျာလက RFA ကို ပြောပါတယ်။
“ဒီနေ့အထိ ကျွန်တော်တို့ အလောင်းရထားတာ ၁၇ လောင်းရှိပါပြီ။ အလောင်းတွေ ကိုတော့ စစ်တွေ ဆေးရုံကို ပို့ထားပါတယ်။ နောက်ထပ် ပျောက်ဆုံးနေတာတွေကိုလည်း ကျွန်တော်တို့ အခု မနက်ကတည်းက ရှာဖွေနေပါတယ်”
အဲဒီစက်လှေမှာ လူ ၅၅ ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး ဩဂုတ်လ ၇ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်ကနေ မလေးရှားနိုင်ငံကို စတင်ထွက်ခွာလာခဲ့ကြတာပါ။
အဲဒီနေ့မှာပဲ စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသမီးအလောင်းနှစ်လောင်း အသက်ရှင်လျက်မျောလာတဲ့ အမျိုးသား ရှစ်ဦးကို စစ်တွေမြို့ ဘာဆာရာကျေးရွာ ပင်လယ်ကမ်းစပ်မှာ ဒေသခံတွေက တွေ့ရှိခဲ့ကြတာပါ။ အဲဒီနောက် ကျန်နေတဲ့ ရုပ်အလောင်းတွေကို ဗေဒါရွာ၊ သဲချောင်း၊ ဒါးပိုင် စတဲ့ကမ်းခြေတွေမှာ တွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အသက်ရှင်လျက် လွတ်မြောက်လာတဲ့ ရှစ်ဦးကိုတော့ စစ်တွေ မြို့မ ရဲစခန်းကို ရဲနဲ့ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ရိုဟင်ဂျာတွေဟာ ရခိုင်မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိကြသလို စားဝတ်နေရေးလည်း ခက်နေကြတာကြောင့် အခုလို သက်စွန့်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာနေကြတာလို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။