ရိုဟင်ဂျာဒုက္ခသည်စက်လှေ အနည်းဆုံး ငါးစီး အင်ဒိုနီးရှားကို ထပ်ရောက်ဖို့ ရှိနေ

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းရိုးတန်းအနီးကို ရိုဟင်ဂျာဒုက္ခသည်တွေအပြည့် တင်ဆောင်လာတဲ့ စက်လှေ အနည်းဆုံး ငါးစီး ချဉ်းကပ်လာတယ်လို့ အင်ဒိုနီးရှား လေတပ်အရာရှိက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။

နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ များလာတဲ့နောက်ပိုင်း ကင်းလှည့်စောင့်ကြည့်ခဲ့တာတွေကို အရှိန်မြှင့်ဆောင်ရွက်ခဲ့တယ်လို့အာချေးလေတပ်အခြေစိုက် စခန်းတာဝန်ရှိသူက ပြောတယ်လို့ AP သတင်းက ဖော်ပြပါတယ်။

အဲဒီစက်လှေတွေဟာ အင်ဒိုနီးရှားရေပိုင်နက်ထဲကို ဒီဇင်ဘာ ၂ဝ ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး အာချေးပြည်နယ် မြောက်ပိုင်းက နယ်မြေတွေထဲ ဝင်ရောက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီစက်လှေတွေပေါ်မှာ လိုက်ပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။

မြန်မာစစ်တပ် တိုက်ခိုက်မှုတွေကြောင့် ၂ဝ၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းကို ထွက်ပြေးခိုလှုံနေတဲ့ မြန်မာပြည်က ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေတွေ ဖြစ်တယ်လို့လည်း AP သတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံကို ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀ ကျော် ရောက်လာပြီးနောက် သူတို့အနေနဲ့ ရိုဟင်ဂျာတွေကို ယာယီကူညီဖို့ ဆုံးဖြတ်ထားပေမဲ့ နိုင်ငံတကာအနေနဲ့ ကူညီကြဖို့လည်း အင်ဒိုနီးရှားက တိုက်တွန်းထားပါတယ်။