မြန်မာ၊ အင်္ဂလိပ်၊ အာရဗီဘာသာတွေနဲ့ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားတွေ ဖြစ်တယ်လို့ ရေးသားထားတဲ့ ပြက္ခဒိန် ရိုက်နှိပ်ခဲ့တဲ့ ကျော် ပုံနှိပ်တိုက် မန်နေဂျာ အပါအဝင် ၄ ဦးကို ပုဇွန်တောင်မြို့နယ်တရားရုံးက နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ်စီ မနေ့က ချမှတ်လိုက် ပါတယ်။
အဲဒီအမှုမှာ ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော် အပါအဝင် ၅ ဦးဖြစ်ပြီး ပိုင်ရှင်ဖြစ်သူဟာ ပုဒ်မ ၅၀၅ ခ နဲ့ ငြိစွန်းမှု မရှိဘူးလို့ ဆုံးဖြတ်ပြီး အပြီးလွှတ်ပေးလိုက်တယ်လို့ ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးမြင့်ကျော် က ပြောပါတယ်။
“တရားခံငါးယောက်ထဲမှာ ဦးအုန်းရွှေ ခေါ် ဦးကျော်ကျော် ကို အမှုကနေလွှတ်လိုက်ပါတယ်၊ သူကစွဲထားတဲ့ပုဒ်မနဲ့ မငြိစွန်းလို့ လွှတ်လိုက်တာပါ၊ နောက်တရားခံလေးယောက်ကို အလုပ်နဲ့ ထောင်ဒဏ်တစ်နှစ်စီ ထောင်ချလိုက် တယ်”
အဲဒီပြက္ခဒိန်ရိုက်နှိပ်ဖို့ အပ်နှံသူဖြစ်တဲ့ ဦးအောင်ခင် (စစ်တွေ) က လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်ပါတယ်။
ကျော် ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ ပုံနှိပ်တိုက်မန်နေဂျာ ဦးရဲသူအောင်၊ အလုပ်သမားတွေဖြစ်တဲ့ ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ၅ ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ပုံနှိပ်ခြင်း နဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ -၂၀ နဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာနဲ့ ထုတ်ဝေဖို့ ရိုက်နှိပ်ထားတဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်မှာ ရိုဟင်ဂျာတွေဟာ မြန်မာ တိုင်းရင်းသားတွေဖြစ်တယ်ဆိုတဲ့ ရုပ်ပုံစာသားတွေနဲ့ သမိုင်းအထောက်အထား အချို့ကို ဖော်ပြထားပြီး အဲဒီဓာတ်ပုံတွေဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လာရာ ပုဇွန်တောင်ရဲတပ်ဖဲ့ွက ပုံနှိပ်တိုက်မှာ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
