အပစ်ရပ်ရေးပျက်တဲ့အတွက် ရိုဟင်ဂျာနေရပ်ပြန်ပို့ရေး နှောင့်နှေးရ
2024.10.16
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) နဲ့ အပစ်ရပ်ရေး ပျက်ပြားသွားတဲ့အတွက် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ နှောင့်နှေးရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ် ဦးကျော်စိုးမိုးက အောက်တိုဘာ ၁၆ ရက်က ပြောကြားတဲ့အကြောင်း AA သတင်းက ဖော်ပြပါတယ်။
၂၀၂၃ နိုဝင်ဘာက အပစ်ရပ်ရေး ပျက်ပြားသွားတာလို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် Touhid Hossain နဲ့ ဒက္ကားမှာ တွေ့ဆုံချိန်မှာ ပြောကြားတာပါ။
ဒေသတွင်းတည်ငြိမ်ရေးက ဘင်္ဂလားဒေ့ရှ်အတွက်ရော မြန်မာနိုင်ငံအတွက်ပါ အရေးကြီးတယ်လို့ အကြံပေးပုဂ္ဂိုလ်က စစ်ကောင်စီ သံအမတ်ကို ပြောပါတယ်။
ပဋိပက္ခကြောင့် မြန်မာနိုင်ငံဘက်က လူ လေးသောင်းကျော် ဘင်္ဂလားဒေ့ရှ်ကို မကြာခင်က ထွက်ပြေးလာတာကို စိုးရိမ်မကင်းဖြစ်ရကြောင်း အကြံပေး ပုဂ္ဂိုလ်က ပြောကြားတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။
စစ်တပ်က ဖြိုခွဲတဲ့အတွက် ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားပါတယ်။
တရုတ်နိုင်ငံက ကြားဝင်စေ့စပ်တဲ့ အပစ်ရပ်ရေးတွေ ပျက်ပြားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။