အထောက်အထားမဲ့လို့ဆိုပြီး ရိုဟင်ဂျာ ၂၀ ဦး ထောင်ချခံရ

2021.07.08
အထောက်အထားမဲ့လို့ဆိုပြီး ရိုဟင်ဂျာ ၂၀ ဦး ထောင်ချခံရ ဧရာဝတီတိုင်းမှာ ၂၀၂၁ ဇွန်လ ၂၁ ရက်နေ့က ဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို ဘိုကလေးမြို့မှာ ယာယီထိန်းသိမ်းထားစဥ်
Photo: Citizen Journalist

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အထောက်ထားမဲ့ ဝင်ရောက်လာလို့ဆိုပြီး ဘိုကလေး သစ်တောကြိုဝိုင်းအနီးမှာ ဖမ်းဆီးခံလိုက်ရတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၂၀ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ လိုက်ပါ ကူညီပေးခဲ့သူတွေက RFA ကို ဒီနေ့ပြောပါတယ်။

မလေးရှားကို သွားဖို့ဆိုပြီး ပွဲစားကြေး တစ်ယောက်ကို သိန်း ၇၀ ပေးပြီး လှေနဲ့ ထွက်လာကြရာမှာ ဘိုကလေးဘက်ကို အရောက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘိုကလေးမြို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ကလေးသူငယ်ဥပဒေအရဆိုပြီး အမျိုးသားတွေကို ငှက်အော်စမ်းလူငယ်ထိန်းသိမ်းရေးကို ပို့လိုက်တယ်။ အမျိုးသမီးတွေကိုတော့ တွံတေးက အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာကို ပို့လိုက်တယ်။ မလေးရှားမှာ စေ့စပ်ထားတဲ့သူတွေရှိတော့ လက်ထပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာကြတာ။ လဝက က တရားလိုလုပ်ပြီး အထောက်ထားမဲ့ လာရောက်တယ်ဆိုပြီး တရားစွဲတာပေါ့၊ အသက်ပြည့်ပြီးတဲ့ အမျိုးသားတစ်ယောက် ကိုတော့ ထောင်ပို့လိုက်တယ်၊ လျှော့ရက်မရှိပါဘူး”

ဖမ်းဆီးထောင်ချခံရတဲ့ ရိုဟင်ဂျာတွေဟာ အမျိုးသား ခုနစ်ယောက်နဲ့ အမျိုးသမီး ၁၃ ယောက်ဖြစ်ပါတယ်။ အများစုက အသက် ၁၈ နှစ်အောက် အရွယ်တွေဖြစ်ကြပြီး အမျိုးသားတစ်ယောက်ပဲ အသက် ၁၈ နှစ်ထက် ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ဟာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်တွေက လာရောက်ကြတဲ့သူတွေလို့ ဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီလလောက်ကလည်း ဘိုကလေးဘက်မှာ ရိုဟင်ဂျာ ၂၅ ယောက် အခုလိုပဲ ဖမ်းဆီး ခံလိုက်ရပြီး ထောင်ဒဏ် တစ်နှစ် အမိန့်ချလိုက်တယ်လို့ လိုက်ပါကူညီပေးသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။