ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြောဆိုဝေဖန်ချက်တွေဟာ ကူညီရာမရောက်ဘဲ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိလုပ်နေတာလို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာ ဒီဩဂုတ်လထဲမှာ ခြောက်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပေမဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေတာဖြစ်ပါတယ်။
စစ်ကောင်စီနိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ...ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံကြား ပြန်လည်လက်ခံရေးအစီအစဉ်တွေ စောလျင်စွာ အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းနေပြီး ဒုက္ခသည်တွေကို စိစစ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
နိုင်ငံတကာက ရိုဟင်ဂျာလို့ သုံးနှုန်းခေါ်ဆိုနေပေမဲ့ စစ်ကောင်စီကတော့ ရိုဟင်ဂျာမရှိဘူးလို့ ထပ်မံငြင်းဆိုထားပါတယ်။ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးရတာဟာလည်း ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်လို့ အပြစ်တင်ထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးမဟာမင်းကြီး Volker Turk ကတော့ ရိုဟင်ဂျာနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အတိတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ လက်ရှိကျူးလွန်နေဆဲ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်ကို အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့်ချိန်မှာ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။