မြန်မာနိုင်ငံကို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကူညီမယ်လို့ တရုတ်နိုင်ငံက ကတိပြုလိုက်ပါတယ်။
ဒက္ကားမြို့တော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမင်တို့ ဒုက္ခသည်တွေအရေး မနေ့က ဆွေးနွေးကြတယ်လို့ ဂျာမနီအခြေစိုက် DW သတင်းက ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် တစ်သန်းကျော်နေထိုင်နေကြတာပါ။ ပြန်လာမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံက အိမ်အလုံး ၃ဝဝဝ ဆောက်လုပ်ပေးထားပြီး ဖြစ်ပါတယ်။
ပြန်လည်ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအတွက် ကနဦးပိုင်းမှာ ရိက္ခာအကူအညီပေးဖို့လည်း တရုတ်နိုင်ငံက စီစဉ်မယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာပြဿနာ ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်ရဲ့အကူအညီလိုတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်က ပြောတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။