ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြေပုံနဲ့ ကျောက်ဖြူမြို့နယ်တွေမှာရှိတဲ့ မွတ်စလင် လူဦးရေစာရင်းကို အစိုးရက ဒီနေ့ စတင်ပြီး လူဦးရေစာရင်း ကောက်ယူရာမှာ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာက ရွာသားတွေက လူဦးရေ စာရင်း ကောက်ယူတာကို ငြင်းဆန်ခဲ့ကြပါတယ်။
အစိုးရက ထုတ်ပေးမယ့် အစိမ်းရောင်ကဒ်တွေမှာ လူမျိုးအမည်မပါရှိတဲ့အတွက် လူဦးရေစာရင်း ကောက်ယူမယ့် အစီအစဉ်ကို ရွာသားတွေက ငြင်းဆန်ခဲ့ကြတာ လို့ ကာဒီကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နီက ပြောပါတယ်။
"လူမျိုးနာမည်မပါရင်တော့ ဘယ်လိုလက်ခံမှာတုန်း၊ ကျနော်တို့က လက်မခံဘူးလို့ပြောတယ်"
ဒီနေ့မနက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနဲ့ ပြည်နယ် လ.ဝ.က မှူးတို့ပါဝင်တဲ့ အဖွဲ့က လူဦးရေ စာရင်းကောက်မယ့်အကြောင်း ရွာခံတွေကို ရှင်းပြခဲ့ကြရာမှာ ကန့်ကွက်ခဲ့ ကြတာကြောင့် စာရင်းမကောက်ယူနိုင်ခဲ့ကြပါဘူး။
လူဦးရေစာရင်းကောက်ယူတဲ့အဖွဲ့ဟာ ကျောက်ဖြူမြို့နယ်နဲ့ မြေပုံမြို့နယ်မှာ မွတ်စလင်လူဦးရေစာရင်း ကောက်ယူ ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ နောက် တစ်ပတ်မှာ ပြန်လည်ကောက်ယူသွားမယ်လို့ အစိုးရအဖွဲ့က ဆုံးဖြတ် ထားပါတယ်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စိစစ်မှုတွေလုပ်ဖို့အတွက် အစိုးရက မွတ်စလင် လူဦးရေစာရင်းကောက် ယူနေတာ ဖြစ်ပါတယ်။
