ရခိုင်ပြည်နယ်မှာ ၂၀၁၇ သြဂုတ် ၂၅ ရက်တုန်းက မြန်မာစစ်တပ်က ရက်ရက်စက်စက် စစ်ဆင်ချိန်ကစလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းဟာ ခုခြောက်နှစ် ကြာမြင့်လာပေမယ့် လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်မယ့် အလားအလာ အနည်းငယ်ပဲရှိတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က မနေ့က ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေ တာဝန်ယူ တာဝန်ခံရအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့ ဝေဖန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ၂၀၁၇ က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၇၃၀၀၀၀ ဟာ အာဏာပိုင်တွေက တိုးမြှင့်ချမှတ်တဲ့ အကန့်အသတ်တွေအောက်နဲ့ လက်နက်ကိုင်တွေ အကြမ်းဖက်မှုတွေ များလာတဲ့ စခန်းတွေမှာ ပြည့်ပြည့်သိပ်သိပ် ကျပ်ကျပ်ညပ်ညပ် နေထိုင်ရတယ်လို့လည်း HRW ကပြောပါတယ်။