ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့လို့ ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေ အိုးမဲအိမ်မဲ့ဖြစ်သွားတယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
အိမ်ပေါင်း ၁၂ဝဝ လောက် မီးလောင်ခံခဲ့ရတယ်လို့ ဒုက္ခသည်စခန်းလုံခြုံရေးရဲတပ်ဖွဲ့က ပြောပါတယ်။
တနင်္ဂနွေနေ့မနက် ၄ နာရီ ၄ဝ က ကော့စ်ဘဇားဒေသ ဒုက္ခသည်စခန်းအမှတ် ၁၆ မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဒုက္ခသည် ငါးထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ ဆိုပါတယ်။ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ မနက် ၆နာရီခွဲလောက်မှာတော့ မီးကိုငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း တခြားဒုက္ခသည်စခန်းတစ်ခုက ကိုဗစ်ကုသရေးဌာန မီးလောင်လို့ ပျက်စီးခဲ့ရပါသေးတယ်။