ဒုက္ခသည်ပြန်လက်ခံရေး အသင့်ရှိပြီလို့ မြန်မာပြော


2019.05.29
dassk-622 နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်း ဂျော့ဟွိုင်းတို့ ၂ဝ၁၉ မေလ ၂၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြစဉ်။
Photo: MOFA Myanmar

ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိနေပြီလို့ မြန်မာအစိုးရ အကြီးတန်းအရာရှိတွေက ပြောပါတယ်။

ဒုက္ခသည်ကိစ္စအပေါ် အာဆီယံက အာရုံစိုက်လာနေချိန်၊ အခု လတ်တလော မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒါတိုလင်းဂျော့ဟွိုင်းရဲ့ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြတာပါ။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တနင်္လာနေ့က တွေ့ဆုံခဲ့ရာမှာ - ဒုက္ခသည်တွေ ပြန်လာနိုင်ရေးအတွက် ခြေခင်းလက်ခင်းသာတဲ့ အခြေအနေတွေ လက်တွေ့ကျကျ ဖန်တီးဆောင်ရွက်ထားဖို့ ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအနေနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့ပြင် အာဆီယံ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ရဲ့ မေလ ၄ ရက်ကနေ ၁၃ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေကို ဒုက္ခသည်ပြန်လည်လက်ခံရေးဆိုင်ရာ အစဦး လိုအပ်ချက်များသုံးသပ်ချက် အစီရင်ခံစာအဖြစ် လာမယ့်ဇွန်လ ဘန်ကောက်မှာ ကျင်းပမယ့် အာဆီယံညီလာခံမှာ တင်ပြမှာဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး ဒုက္ခသည်ပြန်လည်လက်ခံရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။