ရိုဟင်ဂျာများ လက်ခံရေးအစီအစဉ် အမေရိကန် ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးဟာ အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်လက်ခံရေးအစီအစဉ်မှာ ပါဝင်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရှိသူရုံးက ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေးအတွက် အမေရိကန်အစိုးရအနေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဒီအစီအစဉ်ဟာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်လက်ခံရေး အစီအစဉ်မှာ ပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရုံးက ဒီဇင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ လူသားဆိုင်ရာဖြစ်တည်မှု ချိုးဖောက်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကာလရှည်ကြာစွာ ထောက်ပံ့ကူညီနေရတာကို ဂုဏ်ယူကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ပံ့ပိုးကူညီပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်နိင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့သူ တွေကို အရေးယူနိုင်ရေးကိုလည်း ဆက်လက်ကူညီသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org