မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် မေလ ၃ ရက် ဆွေးနွေးမည်

ရခိုင်ပြည်နယ်က ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ နေပြည်တော်မှာ လာမယ့် မေလ ၃ ရက်နေ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen အဘ်ဒူ မိုမင်း က သောကြာနေ့မှာ ပြောကြားပါတယ်။

ဒါ့အပြင် ဘရူနိုင်းနိုင်ငံကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာ မကြာခင် သွားရောက်တဲ့အခါ ရိုဟင်ဂျာတွေ ပြန်လည်ပို့ရေးအတွက် အာဆီယံနိုင်ငံတွေက ပါဝင်ကူညီကြဖို့ တိုက်တွန်းပြောကြားမယ်လို့ ဝန်ကြီး မိုမင်း က ပြောပါတယ်။

ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား ဆွေးနွေးတာ ၄ ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်ပြန်ပို့ဖို့ သဘောတူခဲ့ကြပေမယ့် မြန်မာနိုင်ငံဘက်က လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ခြင်း မရှိတဲ့အတွက် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့ရတယ်လို့လည်း ဒါကါက လာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘူးလို့ အစဉ်တစိုက် ပြောကြားနေပါတယ်။