အိန္ဒိယနိုင်ငံရောက် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ဟာ အိန္ဒိယဗဟိုအစိုးရ အိမ်ရာနဲ့မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးရဲ့ အစောပိုင်းက ပြောဆိုချက်နဲ့ ကွဲလွဲနေတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
အိမ်ရာနဲ့မြို့ပြဖွံဖြိုးရေးဝန်ကြီးက ဒေလီမြို့အနောက်ဘက် ဘတ်ကာဝါလာ (Bakkarwala) အရပ်မှာ ရိုဟင်ဂျာတွေကို လုံလုံခြုံခြုံနေထိုင်နိုင်ရေး စီစဉ်ပေးမယ်လို့ တွစ်တာလူမှုကွန်ရက်တစ်ဆင့် ရေးသားပြောဆိုခဲ့ပါတယ်။
ဒီပြောဆိုချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာတင် ပြည်ထဲရေးဝန်ကြီးက တရားမဝင် ဝင်ရောက်လာတဲ့ ဒေလီမြို့မှာ နေထိုင်သူ နိုင်ငံခြားသား ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့ကို ထိန်းသိမ်းရေးစခန်းတွေမှာ ထားရှိပြီးတဲ့နောက် ဥပဒေအတိုင်း နေရပ်ပြန်ပို့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းကို ဘယ်မှာထားရှိမယ်ဆိုတာ မပြောပါဘူး။
ပြီးခဲ့တဲ့နှစ်က နယူးဒေလီမြို့မှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၁၁၀၀ ခန့်ရှိပြီး အိန္ဒိယတစ်နိုင်ငံလုံးမှာ အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင်နေကြတဲ့ရိုဟင်ဂျာ တစ်သောင်းခုနှစ်ထောင်လောက် ရှိတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူ Ali Johar က ပြောပါတယ်။
အခုနှစ်အတွင်း နေရပ်ပြန်ပို့မှာစိုးရိမ်တာကြောင့် အိန္ဒိယနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကူးသွားသူ ၂၀၀၀ လောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။ လက်ရှိမှာ နယူးဒေလီမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေဟာ လုံခြုံသပ်ရပ်တဲ့ အိမ်ခန်းတွေကို ငှားရမ်းနေထိုင်ကြတာ ဖြစ်ပါတယ်။