မြန်မာနိုင်ငံက အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ရိုဟင်ဂျာ ၄၄၀ ဦးကို ဩဂုတ်လ ၁၆ ရက် မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့ကို ပို့ဆောင်လိုက်ပြီလို့ စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။
ရိုဟင်ဂျာ ၄၄၀ ထဲမှာ မောင်တောမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၉၇ ပါဝင်ပြီး သူတို့ကို ဘူးသီးတောင်ကနေ မောင်တောကို ကားရှစ်စီးနဲ့ ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသား ၇၀ ဦးနဲ့ အမျိုးသမီး ကိုးဦးကိုတော့ သူတို့ရဲ့ နေရပ် ရွာတွေကို မပို့ဆောင်မီ ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်က အာရ်ဗီ စာသင်ကျောင်းမှာ စောင့်ရှောက်ထားတယ်လို့ ဖော်ပြပါတယ်။
ရိုဟင်ဂျာ ၄၄၀ ဦးအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အမျိုးသား ၁၀၈ ဦးနဲ့ အမျိုးသမီး သုံးဦး စုစုပေါင်း ၁၁၁ ဦးလည်း လွတ်မြောက်တဲ့အထဲမှာ ပါဝင်လာပါတယ်။ သူတို့ကိုတော့ နှစ်နိုင်ငံလွှဲပြောင်းလက်ခံရေး ဆောင်ရွက်မှာဖြစ်ပြီး မလွှဲပြောင်းခင်ကာလမှာတော့ ဘူးသီးတောင်အကျဉ်းထောင်မှာ ယာယီထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အခုလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတွေကတော့ စားဝတ်နေရေးခက်ခဲတာကြောင့် မလေးရှားနိုင်ငံကို ထွက်ပေါက်ရှာသွားလာရင်း ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး နောက်ထပ် ဖမ်းဆီးခံထားရသူတွေကိုလည်း ပြန်လွှတ်ပေးစေလိုတယ်လို့ စစ်တွေမြို့နယ်က အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က မလေးရှားနိုင်ငံကို ထွက်ပေါက်ရှာပြီးသွားရင်း အဖမ်းခံခဲ့ရတာပေါ့။ ဘာလို့လဲဆိုတော့ ဒီမှာက ဘယ်လိုမှ နေထိုင်စားသောက်လို့ အဆင်မပြေဘူးလေ။ အခု လွှတ်ပေးလိုက်တာက နည်းနည်းပဲရှိသေးတယ်။ အခုလို ပြန်လွှတ်ပေးလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ နောက်ထပ် အဖမ်းခံထားရသူတွေလည်း အများကြီးရှိသေး တယ်။ သူတို့ကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်”
ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးတာဟာ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတာနဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေးကို ရှေးရှုတဲ့အနေနဲ့ပါ ဩဂုတ်လ ၁ ရက်နေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာလို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
သြဂုတ်လ ၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံကိုသွားတဲ့ ရိုဟင်ဂျာ စက်လှေတစ်စီးဟာ စစ်တွေကမ်းခြေမှာ နစ်မြုပ်ခဲ့တာကြောင့် လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၅၅ ဦးထဲက ၁၇ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ့တွေရှိခဲ့ပြီး ကျန် ၃၀ ဦးကတော့ ယနေ့ထိ ပြန်လည်ရှာမတွေ့ဘဲ ပျောက်ဆုံးခဲ့ပါတယ်။