မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေးဟာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဦးစားပေးအစီအစဉ် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ် မိုမင်က ပြောဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို အသက်မွေးဝမ်းကျောင်းပညာတွေ သင်ပေးပြီး ဘင်္ဂလားဒေ့ရှ်မှာပဲ လက်ခံထားဖို့ နိုင်ငံတချို့နဲ့ အဖွဲ့အစည်းတချို့က တိုက်တွန်းနေပေမဲ့ ... ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေဟာ အစကတည်းက လူဦးရေထူထပ်နေပြီးသားဖြစ်တာမို့ ဒီလိုလက်ခံထားဖို့ မဖြစ်နိုင်ဘူးလို့ ဝန်ကြီး အဗ္ဗဒူလ် မိုမင်က ပြောဆိုကြောင်း ဩဂုတ် ၂၂ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းတွေမှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေ နေရပ်အမြန်ပြန်ပို့နိုင်ရေး ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေပြီး၊ မြန်မာဘက်ကလည်း ပြန်ခေါ်ဖို့ လက်ခံထားကြောင်းနဲ့ နှစ်ဖက်ဆွေးနွေးမှုတွေ ဆက်ရှိနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။
လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့ဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရတဲ့ ခြောက်နှစ်မြောက်နေ့ ဖြစ်ပါတယ်။ ခြောက်နှစ်ကြာပြီဖြစ်ပေမဲ့ ရိုဟင်ဂျာတွေဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက သတိပေးထားပါတယ်။ လုံခြုံမှုရှိပြီး အာမခံချက်ရှိမှ နေရပ်ပြန်ပို့ဖို့ တိုက်တွန်းထားကြပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေ တာဝန်ယူ တာဝန်ခံလာအောင်လုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကပျက်ကွက်နေတယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကလည်း ကြေညာချက်ထုတ်ပြီး ဝေဖန်ထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ကူညီပေးနေတဲ့ စားနပ်ရိက္ခာအစီအစဉ်ဟာလည်း ရန်ပုံငွေမလုံလောက်လို့ ဒီနှစ်မှာ လျှော့ချခံထားရတာကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။